လေကြောင်းသုံးတိုက်ခိုက်မှုကြောင့် သုံးနှစ်အတွင်း အရပ်သား ၅၀၀ ကျော်သေဆုံး

0
245
ပုံစာ - BNI-MPM မှ ကြီးမှူးပြုလုပ်သည့် အစီရင်ခံစာများ မိတ်ဆက်သတင်းစာရှင်းလင်းပွဲအခမ်းအနား။

စစ်ကောင်စီ၏ လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများကြောင့် စစ်အာဏာသိမ်းယူထားသည့် သုံးနှစ်နီးပါး ကာလတလျှောက် အရပ်သားပြည်သူ ၅၀၀ ကျော် သေဆုံးခဲ့ကြောင်း နိုင်ငံတကာမြန်မာသတင်း-BNI ၏ မြန်မာ့ငြိမ်းချမ်းရေးလမ်းစဉ် လေ့လာစောင့်ကြည့်ရေးအဖွဲ့-MPM ၏ စာရင်းပြုစုချက်အရ သိရသည်။

စစ်ကောင်စီက လေကြောင်းမှဗုံးကြဲပစ်ခတ်မှုများအား တစ်နိုင်ငံလုံးနီးပါး လုပ်ဆောင်ခဲ့ရာတွင် အရပ်သားပြည်သူစုစုပေါင်း ၅၆၆ ဦး‌ သေဆုံးခဲ့ကြောင်း ယနေ့ (ဒီဇင်ဘာ ၁၆ ရက်) BNI-MPM မှ ကြီးမှူးပြုလုပ်သည့် “စစ်အုပ်စုရဲ့ လေကြောင်းရန်” နှင့် “ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် မော်ဒယ်နဲ့ဒီဇိုင်းများ ” အစီရင်ခံစာ မိတ်ဆက် သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။

အဆိုပါအရေအတွက်သည် လေကြောင်းသုံးတိုက်ခိုက်မှုများ၏ ရာခိုင်နှုန်း ၈၀ ကျော်ဖြစ်ပြီး အရပ်သားများအား စစ်ရေးပစ်မှတ်အဖြစ် ပထမအဆင့်‌ထား တိုက်ခိုက်နေကြောင်း BNI-MPM ၏ တာဝန်ရှိသူတစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ယခုလိုပြောသည်။

“အရပ်သား သေဆုံးသူ ၅၆၆ ယောက် ရှိပါတယ်။ အဲဒီထဲမှာ လေကြောင်းသုံးပစ်ခတ်လို့ အရပ်သား ၅ ယောက်နဲ့ အထက်ကို အစုအလိုက်အပြုံလိုက်သေဆုံးမှုက ဖြစ်စဉ်ပေါင်းက ၂၃ မှု ရှိတယ်။ တိုင်းရင်းသားအင်အားစုတွေနဲ့ ပြည်သူတွေကို စစ်ကောင်စီက ပစ်မှတ်ထားတာ အများဆုံးပါ။ မြို့ပြဒေသအလိုက်က (ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့) PDF တွေကိုတော့ တတိယပစ်မှတ်အဖြစ် သတ်မှတ်တာပေါ့နော်။ တိုက်ပွဲ‌တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုများလေလေ လေကြောင်းကိုပိုသုံးလေလေ ဖြစ်တာမျိုး ကျနော်တို့‌ လေ့လာတွေ့ရှိရတာပါ။ အစီရင်ခံစာထဲမှာတော့ ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် စစ်ကောင်စီသည် အာဏာသိမ်းယူသည့် ၂‌၀၂၁ ခုနှစ်တွင် လေကြောင်းသုံးတိုက်ခိုက်မှု ရက်ပေါင်း ၄၀ ကျော်၊ ၂၀၂၂ ခုနှစ်တွင် ရက်ပေါင်း ၁၅၀ ကျော်နှင့် ယခု ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့အထိ ရက်ပေါင်း ၃၅၀ ကျော် လုပ်ဆောင်ခဲ့သလို ကရင်၊ ကချင်၊ ချင်းနှင့် ကရင်နီဒေသရှိ တိုင်းရင်းသားလက်နက်ကိုင် (ERO)များက စစ်အုပ်စု၏ လေကြောင်းသုံးတိုက်ခိုက်မှု အများဆုံးခံရသည်ဟု ၎င်း က BNI-MPM ၏ စာရင်းပြုစုချက်များအပေါ် ရှင်းပြသည်။

ဆက်လက်ပြီး ERO များအ‌ပါအဝင် တော်လှန်ရေးအင်အားစုများ‌အနေဖြင့် လေကြောင်းရန်ကာကွယ်ရေးအတွက် မိမိတို့ဒေသရှိပြည်သူများအား ဗုံးခိုကျင်းများတူးစေခြင်းနှင့် သတင်းအချက်အလက်‌မျှဝေခြင်းအပြင် စစ်ကောင်စီ၏လေတပ်စခန်းဌာနများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ပွိုင့်ဖိုက် (၀.၅) ကဲ့သို့ လေယာဉ်ပစ်လက်နက်များဖြင့် တုံ့ပြန်တိုက်ခိုက်ခြင်းများပါ လုပ်ဆောင်လာနိုင်သည်ကို တွေ့ရှိလာကြောင်း MPM ၏ တာဝန်ရှိသူက ဆိုသည်။

“ဥပမာပေါ့ တယ်လီဂရမ်ကနေ လေယာဉ်တက်သွားတာတွေ မျှဝေပေးတာရှိတယ်။ ဒါကလည်း မြေပြင်မှာ စစ်ကောင်စီရဲ့ အဆက်အသွယ် ဖြတ်တောက်ခံနေရတာတွေလည်း ရှိနေတော့အပြည့်အဝမကာကွယ်နိုင်ဘူး။ (၀.၅)ဆိုတာမျိုးကတော့ သတင်းဖြစ်စဉ်ကနေ တွေ့ရတာပဲ ဖြစ်တယ်။ ဘယ်အဖွဲ့အစည်းကနေ ဘယ်လောက်ရှိတာမျိုးက သူတို့(အင်အားစုတွေ)ဘက်က သတင်းအနေနဲ့ဖော်ပြလိုခြင်း မရှိတာလည်းဖြစ်တာကြောင့် ကျနော်တို့မှာ စာရင်းရှိမနေဘူး။ လေကြောင်းတပ်စခန်းတွေကို မြို့ပြပြောက်ကျားအဖွဲ့က ရှော့တိုက်ဒုံးနဲ့ပစ်တာက ချိတ်ဆက်မှုတွေရှိတယ်။ ကိုယ့်ရဲ့ လုံခြုံရေးလမ်းကြောင်းလည်းရှိတာကြောင့် အဖွဲ့တွေရဲ့ပူးပေါင်းဆောင်ရွက်မှု ရှိဖို့လိုတာလည်း ပါတာပေါ့” ဟု ၎င်းက ပြောသည်။

BNI-MPM အနေဖြင့် အာဏာသိမ်းကာလတလျှောက် စစ်ကောင်စီ၏ လေကြောင်းသုံးတိုက်ခိုက်မှုများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာသည်ကို မီးမောင်းထိုးဖော်ထုတ်ပြသလို၍ အဆိုပါအစီရင်ခံစာအား ရေးသားပြုစုရခြင်းဖြစ်ပြီး ၎င်းတွင် လေကြောင်းသုံးတိုက်ခိုက်မှုများအပြင် စစ်အုပ်စု၏ လေတပ်စခန်းများ အစရှိသည်တို့ကိုလည်း လေ့လာဖတ်ရှုနိုင်ကြောင်း သိရသည်။

ထို့အပြင် အစီရင်ခံစာရေးသားပြုစုရန် တော်လှန်ရေးအင်အားစုများအပါအဝင် လေကြောင်းတိုက်ခိုက်မှုဒဏ်ခံ စစ်ရှောင်စခန်းမှ ပြည်သူများအား တွေ့ဆုံမေးမြန်းထားသလို စစ်ကောင်စီ၏လေကြောင်းသုံး တိုက်ခိုက်မှုအား အဟန့်အတားဖြစ်စေ‌ရန် အချက်အလက်များကိုလည်း ထည့်သွင်းဖော်ပြထားကြောင်း သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုသွားသည်။

ထို့အတူ နိုင်ငံတကာအနေဖြင့် လေယာဉ်မပျံသန်းရေးဇုန် သတ်မှတ်အကောင်အထည်မဖော်နိုင်သေးချိန်တွင် လေယာဉ်‌လောင်စာဆီကဲ့သို့သော လေကြောင်းတိုက်ခိုက်မှု၏လောင်စာများ မြန်မာပြည်အတွင်း ဝင်ရောက်နိုင်မည့်နည်းလမ်းများကို တားမြစ်ရန်လိုကြောင်း MPM က သုံးသပ်တင်ပြထားသည်။

တိုင်းရင်းသားအခြေစိုက်နှင့် နယ်မြေအခြေစိုက် သတင်းဌာန ၁၅ ခုဖြင့် စုပေါင်းဖွဲ့စည်းထားသော နိုင်ငံတကာမြန်မာ့သတင်း-BNI ၏ Myanmar Peace Monitor-MPM ကို ၂၀၁၃ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် စောင့်ကြည့် ထုတ်ဖော်ခြင်းနှင့် အချက်အလက်စုဆောင်းသည့် လုပ်ငန်းများလုပ်ဆောင်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here