မြိတ်နှင့် တနင်္သာရီက စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်ခံရ

0
189
ပုံစာ- ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းတခု။ (Photo-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)

တနင်္သာရီတိုင်း၊ မြိတ်နှင့် တနင်္သာရီမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်း တစ်ခုအပါအဝင် လက်နက်ခဲယမ်းများ တင်ဆောင်လာသော စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း မြိတ်ခရိုင် အမှတ် (၂) တပ်ရင်းက သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၂ ရက်နေ့ နံနက် ၅ နာရီခန့်က မြိတ်မြို့ကနေ တနင်္သာမြို့ကို လက်နက်ခဲယမ်း တင်ဆောင်လာသော စစ်ကောင်စီကား ၃ စီးကို ညောင်းပင်ကုန်း ကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုအခြေအနေ အသေးစိတ်ကို မသိရ သေးကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းနေ့ နေ့လည် ၂ နာရီဝန်းကျင်တွင်လည်း မြိတ်မြို့နယ်ရှိ စစ်ကောင်စီ၏ တုံးဗျောကြီးတပ်စခန်းကို ပြည်သူ့ ကာကွယ်ရေး ပူပေါင်းစစ်ကြောင်း (၁) က ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန်နာရီဝက်နီးပါးကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးကာ ၅ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဘက်မလိုက်ပြောက်ကျားအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါသည်။

နှစ်ဖက်တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေး ပူပေါင်းစစ်‌ကြောင်း (၁) ဘက်မှ ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် တုံဗျောကြီးအုပ်စု ကင်းတပ်ကျေးရွာက နေအိမ်တစ်လုံး လက်နက်ကြီးထိမှန်ပြီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရပါသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) ဖြစ်သည့် မြိတ်ခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ-၁ ၊ ဘက်မလိုက် ပြောက်ကျားအဖွဲ့၊ တောင်ပိုင်းသူရဲကောင်းအဖွဲ့ (SWDF) နှင့် မြတ်မြို့နယ် ပကဖ တို့က ပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးပူပေါင်းအဖွဲ့တို့က တနင်္သာမြို့နယ်တွင် ဖြစ်ပေါ်နေသည့် စစ်ရေးအခြေအနေများအရ ဒေသခံပြည်သူများအနေနှင့် သတိရှိရှိ နေထိုင်သွားလာကြရန်လည်း တိုက်တွန်းထားပါသည်။

ပြီးခဲ့သည့် နိုဝင်ဘာနောက်ဆုံးပတ်အတွင်း မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဉ်တန်း ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here