ကောလင်းမြို့တွင် ပြည်သူ့အုပ်ချုပ်ရေးစတင်လည်ပတ်နေပြီဖြစ်ကြောင်း NUG ကြေညာ

0
222
ပုံစာ - ကောလင်းမြို့လက်ရှိအခြေအနေ။

စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းခရိုင်၊ ကောလင်းမြို့တွင် ပြည်သူ့အုပ်ချုပ်ရေးများ စတင်လည်ပတ်လိုက်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကြေညာခဲ့သည်။

ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ထားပြီး တစ်လနီးပါးအကြာတွင် အုပ်ချုပ်ရေးလုပ်ငန်းများ လည်ပတ်ကြောင်းကို ပြောဆိုခြင်းလည်းဖြစ်သည်။

အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ တရားဥပဒေစိုးမိုးရေး ၊ ပြည်သူ့ဝန်ဆောင်မှုပေးရေး တရားစီရင်ရေး ၊ ဘဏ်လုပ်ငန်း၊ Non-CDM အရေးတို့ အားလုံးကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နေပြီ ဖြစ်ကြောင်း NUG က ထုတ်ပြန် ကြေညာသည်။

ကောလင်းမြို့ခံတစ်ဦးက “ဆိုင်းဘုတ်တွေလည်းထောင်ထားတယ်။ မြို့ထဲကိုလည်းဝင်လို့ရပြီ၊ အဝင်/အထွက် ရနေပြီ။ စျေးတွေဘာတွေလည်း မှာနေပြီ။ ကုန်စိမ်းတွေလည်း မှာနေပြီလေ။ ပြန်အေးသွားပြီ ခရီးသည်တင်ကားတွေလည်း သွားနေပြီ” ဟု ပြောဆိုသည်။

ကောလင်းမြို့အခြေအနေများကို တင်ပြနေသည့် Kawlinn Info page ကလည်း ကောလင်းမြို့အတွင်း PDF တပ်များ စျေးဝယ်နေသည့်မြင်ကွင်းများ၊ စျေးပြန်လည်ဖွင့်လှစ်နေသည့် မြင်ကွင်းများကို မျှဝေထားသည်။

လက်ရှိ ကောလင်းမြို့နယ်တွင်း၌ စစ်ဘေးရှောင် ၁၂၆၁၀ ဦး ရှိနေပြီး NUG အနေဖြင့် လူသားချင်းစာနာမှု အကူညီတွေများ ပေးအပ်မှုတွေ ပြုလုပ်နေကြောင်းလည်း ပြောဆိုထားသည်။

တည်ငြိမ်လာစပြုနေသည်ဟု ဆိုသော်လည်း စစ်ကောင်စီတပ်၏ လေကြောင်းရန် ခြိမ်းခြောက်မှုများလည်း ဆက်ရှိနေခြင်းကြောင့် စစ်ဘေးရှောင်တချို့ နေရပ်ပြန်ရေးအတွက်လည်း စိုးရိမ်မှုရှိနေဆဲဖြစ်ကြောင်း ကောလင်းမြို့အခြေအနေကို သိသူတစ်ဦးက အခုလိုပြောသည်။

“လေယာဉ်တွေနဲ့ တဂျိမ်းဂျိမ်းကြဲနေတော့ ဘယ်သူတွေက တအားသွားနေရဲမှာလဲ၊ လက်ရှိတော့ အနီးနားက ရွာတွေနားမှာ စစ်ဘေးရှောင်နေရသေးတယ်” ဟု ၎င်းက ဆိုသည်။

ကောလင်းမြို့နယ်သည် လူဦးရေ တစ်သိန်းခွဲကျော်နေထိုင်ပြီး မြို့အတွင်း၌ လူဦးရေ နှစ်သောင်းခွဲကျော်နေထိုင်ပြီး ကျန်လူဦးရေသည် ကျေးလက်ဒေသမှာ အများဆုံးနေထိုင်သည့်မြို့တစ်မြိုဖြစ်သည်။

ကောလင်းမြို့နှင့် ၁၂ မိုင်ခန့် အကွာတွင်ရှိသည့် ဝန်းသိုမြို့မှာ စစ်ကောင်စီတပ် တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၁၁ နှင့် ခမရ ၂၂၂ တို့ရှိနေပြီး လက်နက်ကြီးနဲ့ အချိန်မရွေး တိုက်ခိုက်လာနိုင်တာကြောင့် နေရပ်ပြန်သွားကြသည့် စစ်ရှောင်ကောလင်းမြို့ဒေသခံတွေက တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြောင်း သိရသည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here