သိန္နီစစ်ရှောင်စခန်း ရှော့တိုက်ဒုံးကျ အမျိုးသမီး ၁ ဦးသေ ၂ ဦး ဒဏ်ရာရပြီး စစ်ဘေးရှောင်များ လူသားဒိုင်းကာ လုပ်ခံနေရ

0
209

သျှမ်းပြည်၊ သိန္နီမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအတွင်းသို့ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရကြောင်း စုံစမ်းသိရသည်။

သိန္နီမြို့နယ် ကျောင်းခမ်းဘုန်းကြီးကျောင်းတွင် ဒီဇင်ဘာ ၄ ရက် နံနက်အချိန်က စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အသက် ၆၀ ကျော် အရွယ်ရှိ အဘွားအို ၁ ဦး ထိတ်လန့်သေဆုံးခဲ့ပြီး၊ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထို့အပြင် ကျောင်းခမ်းဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင်ဦးရေ ၁၃၀၀ ခန့်ကို စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ် နှစ်ဘက်စလုံးက လူသားဒိုင်းကာ ပြုလုပ်နေကြောင်း သိန္နီမြို့စစ်ဘေးရှောင်များက ပြောသည်။

သိန္နိမြို့မှ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက “ဒီမနက် ကျောင်းခမ်းဘုန်းကြီးကျောင်းဝင်းထဲကို ရှော့တိုက်ဒုံး ကျလာပြီးတော့ အသက် ၆၂ နှစ်အရွယ် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်။ နောက်ပြီးတော့ အသက် ၆၀ ကျော် အဘွားတစ်ဦးလည်း အသံကြောင့် ထိတ်လန့်ပြီးဆုံးသွားတယ်။ အစက စစ်ဘေးရှောင်စခန်းက လူတွေကို စစ်ကောင်စီတပ်ကပဲ အဝင်အထွက် ပေးမလုပ်တာ၊ အခုကျတော့ ကိုးကန့်တပ်ကလည်း ပြည်သူတွေကို ပေးမထွက်တော့ဘူး။ ရှင်းရှင်းပြောရရင်တော့ နှစ်ဘက်လုံးက စစ်ဘေးရှောင်တွေကို လူသားတံတိုင်း လုပ်နေတာပဲ” ဟု ပြောသည်။

သိန္နီမြို့နယ် ကျောင်းခမ်းဘုန်းကြီးကျောင်းတွင် Ò၁၀၂၇ စစ်ဆင်ရေးÓ အစပိုင်းက စစ်ဘေးရှောင်ဦးရေ ၃၀၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်ခဲ့ပြီး စားဝတ်‌နေရေးအခက်အခဲကြောင့် နီးစပ်ရာ မြို့ရွာများသို့ ထပ်မံထွက်ပြေးကြရာ လက်ရှိတွင် စစ်ဘေးရှောင်ဦးရေ ၁၃၀၀ ခန့် ကျန်ရှိနေသေးကြောင်း စစ်ဘေးရှောင် ကူညီနေသူများထံမှ သိရသည်။

“မြို့ပေါ်မှာတော့ တိုက်ပွဲမရှိဘဲနဲ့ လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်ကြောက်ရတာ ရှိတာပေါ့။ သိန္နီမြို့ပေါ်မှာက ရဲစခန်းပဲရှိတာ စစ်တပ်မရှိဘူးလေ။ ကိုးကန့်တပ်တွေက ရဲစခန်းသိမ်းတယ်၊ ဌာနဆိုင်ရာရုံးတွေ သိမ်းထားတော့ မြို့ကိုသိမ်းထားတယ် ပြောတာပေါ့။ မြို့ပြင်က ၆၉ တပ်တို့ စကခ-၁၆ တို့ကို မဟာမိတ်တပ်တွေ အခုထိ မသိမ်းနိုင်သေးဘူးလေ” ဟု သိန္နီမြို့မှ တိုက်ပွဲအခြေအနေကို ယင်းစစ်ဘေးရှောင်က ဆက်ပြောပြသည်။

သိန္နီမြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ-၆၉ နှင့် ကျောင်းခမ်းဘုန်းကြီးကျောင်းသည် မျက်နှာချင်းဆိုင် တည်ရှိနေပြီး စကခ-၁၆ ၊ ခလရ-၃၂၃ တပ်ရင်းတို့နှင့် တဆက်တည်းရှိကာ ၎င်းဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင်ဦးရေ ၁၃၀၀ ခန့်ကို ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်တို့ နေ့စဉ်ပစ်ခတ်နေသော တိုက်ပွဲကြားတွင် လူသားဒိုင်းကာအဖြစ် အသုံးချနေသည်ဟု သိန္နီမြို့စစ်ဘေးရှောင်နေသူများက ‌ပြောသည်။

“အခု နှစ်ဘက်တိုက်ပွဲကြားညပ်နေတဲ့ ကျောင်းခမ်းက စစ်ဘေးရှောင်တွေအတွက် စိုးရိမ်ရတာ။ ဒီဘုန်းကြီးကျောင်းက ၆၉ တပ်နဲ့ မျက်နှာချင်းဆိုင် လမ်းပဲခြားတယ်။ တိုက်ပွဲ စပစ်ကြကတည်းက ဟိုတာ့၊ ဝိန်းနန်း၊ ဥယျာဉ်မှူးက ပြည်သူတွေ ကျောင်းခမ်းဆီကို ရှောင်ပြေးလာကြတာ။ အဲ့နောက်ပိုင်း စစ်တပ်က ပေးမထွက်တော့ဘူး။ အခုတော့ ကိုးကန့်တပ်ကလဲ ထပ်ပိတ်လိုက်ပြီဆိုတော့ နှစ်ဘက်လုံးက စစ်ရှောင်တွေကို ပေးမထွက်တော့ဘူး” ဟု သိန္နီမြို့မှ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောသည်။

သိန္နီမြို့ ကျောင်းခမ်းဘုန်းကြီးကျောင်းတွင် နိုဝင်ဘာပထမပတ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိန္နီမြို့ စစ်ဘေးရှောင်များထံမှ သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here