လွိုင်ကော်၊ ကက်သလစ်ဘုရားကျောင်းထဲ စစ်ကောင်စီတပ်စွဲထားနေ

0
232

တိုက်ပွဲများပြင်းထန်နေသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့ရှိ ခရစ္စတူးဘုရင် ကက်သလစ်ခရစ်ယာန် ဘုရားကျောင်းဝင်းထဲ စစ်ကောင်စီတပ်သားများ ဝင်ရောက်တပ်စွဲထားသည်ဟု လွိုင်ကော်ကက်သလစ် သာသနာပိုင်ဆရာတော် Celso Ba Shwe (ဆဲလ်ဆိုဘရွှေ) က ပြောသည်။

စစ်ကောင်စီတပ်က လွိုင်ကော်မြို့ရှိ ခရစ္စတူးဘုရင်ဘုရားကျောင်း၀င်းထဲ တပ်စွဲရန်အတွက် ၃ ကြိမ်တိုင်တိုင် ဝင်ရောက်လာပြီး နောက်ဆုံးအကြိမ်တွင် လုံးဝပြန်မထွက်သွားတော့ဘဲ တပ်စွဲထားလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သား အင်အား ၅၀ ခန့်က အဆိုပါ ဘုရားကျောင်းဝင်းထဲကို နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အတင်းအဓမ္မ ဝင်ရောက်တပ်စွဲခဲ့ခြင်းဖြစ်သည်ဟု ဆရာတော် Celso Ba Shwe (ဆဲလ်ဆိုဘရွှေ) ထုတ်ပြန်ပြောဆိုထားသည်။

ထိုသို့ ဘုရားကျောင်းဝင်းထဲ စစ်ကောင်စီတပ်သားများ ဝင်ရောက်တပ်စွဲနေထိုင်သည်မှာ စစ်စည်းကမ်းကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စစ်စည်းကမ်းမရှိတဲ့ စစ်တပ်တစ်ခု ဖြစ်နေတယ်ဆိုတာ သူတို့ပေါ်ပေါ်ထင်ထင် ပြလိုက်တာက တစ်ချက်ပေါ့နော၊ ပြီးတော့မှ လူနည်းစုဖြစ်တဲ့ ကျနော်တို့တိုင်းရင်းသား လူမျိုးစုတွေအပေါ်မှာလည်း ဘာသာရေးအရ မှိုင်းတိုက်မှုတွေ လုပ်ချင်တယ်” ဟု ၎င်းက ပြောသည်။

ဆရာတော်နှင့် ဘုန်းတော်ကြီးများက အဆိုပါဗိမာန်တော်နေရာသည် သာသနာ၀င်းဖြစ်သည့်အတွက် လက်နက်ကိုင်တပ်ဖွဲ့များ တပ်စွဲနေထိုင်ခြင်းမျိုး မလုပ်ကြရန်၊ ဘုရားကျောင်းဝင်းထဲက ထွက်ပေးကြရန် တောင်းပန် ဖျောင်းဖျခဲ့ကြသော်လည်း အတင်းအဓမ္မ ဝင်ရောက်တပ်စွဲလိုက်ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုကဲ့သို့ဝင်ပြီး တပ်မစွဲခင် ရှေ့ရက်တစ်ရက် (နိုဝင်ဘာလ ၂၆ ရက်နေ့) ကလည်း စစ်တပ်က ဘုရားကျောင်းဘက်ကို လက်နက်ကြီးများနှင့် အဆက်မပြတ်ပစ်ခတ်ခဲ့​ရာ ဘုရားကျောင်းဆောင်ငယ်တစ်ဆောင် ထိမှန်ပျက်စီးခဲ့ သေးသည်။

ထို့ကြောင့် ဆရာတော်နှင့် ဘုန်းတော်ကြီးများ၊ စစ္စတာများ၊ ကျောင်းဝန်းအတွင်း ဆေးကုသမှု ခံယူနေကြသည့် ပြည်သူများ စုစုပေါင်း ၈၂ ဦးသည်လည်း ထိုနေရာတွင် ဆက်နေရန် လုံခြုံမှုမရှိတော့သောကြောင့် ဘေးလွှတ်နိုင်မည့် အခြားနေရာများကို ထွက်ပြေးတိမ်းရှောင်သွားကြရသည်။

စစ်ကောင်စီတပ်က ထိုသို့လုပ်ဆောင်ခြင်းမှာ လွိုင်ကော်မြို့ စစ်ဆင်ရေးထဲ အထိနာပြီး လုံးဝရှုံးနိမ့် လာသောကြောင့် ဖြစ်သည်ဟု KNDF တာဝန်ရှိသူက ဆက်ပြောသည်။

“နောက်တစ်ခုက သူတို့က လုံးဝရှုံးနိမ့်နေတဲ့ အနေအထားမျိုး ဖြစ်နေတယ်ပေါ့။ ဒါက သူတို့ရလိုရငြားနေရာ သူတို့လုပ်လို့ရတဲ့ နေရာမှန်သမျှ ဘာသာရေးကစ အစစရာရာကို သူတို့က ဘယ်တော့မှ ငဲ့ညှာမှာ မဟုတ်ဘူးဆိုတဲ့ ပျက်စီးနေတဲ့ တပ်အနေအထားမျိုး ဖြစ်နေတယ်ပေါ့နော်” ဟု ဆိုသည်။

ကရင်နီပြည်နယ်သည် မြန်မာနိုင်ငံထဲတွင် အငယ်ဆုံးပြည်နယ်တစ်ခု ဖြစ်သော်လည်း စစ်ကောင်စီ တပ်ဘက်ကလည်း လက်နက်ကြီးများ၊ ဂျက်တိုက်လေယာဉ်များ၊ တင့်ကားများ၊ ဒုံးကျည်များ အသုံးပြုကာ အစီအစဉ်တကျ တိုက်ခိုက်နေခြင်း ဖြစ်သည်။ ထိုသို့ တိုက်ခိုက်ခံနေရခြင်းသည် အင်မတန်ဆိုးရွားသော အခြေအနေမျိုးဖြစ်သည်ဟု ဆရာတော် Celso Ba Shwe ၏ ထုတ်ပြန်ချက်ထဲ၌ ထည့်သွင်းပြောကြားထားသည်။

၁၁၁၁ စစ်ဆင်ရေး စတင်ခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး မြို့နေပြည်သူ စုစုပေါင်း ၁၃၀၀ ခန့် အဆိုပါ ဘုရားကျောင်းဝင်းထဲ လာရောက်ခိုလှုံခဲ့ကြသော်လည်း တိုက်ပွဲများ ဆက်ပြင်းထန်လာသည့်နောက်ပိုင်း ဘေးလွှတ်ရာကို အသီးသီးပြောင်းရွှေ့သွားကြသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here