ကရင်နီပြည်အတွင်း နေရာအချို့တွင် စက်သုံးဆီပြတ်လပ်

0
192

ကရင်နီ (ကယား) ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းနှင့် ရှမ်း-ကရင်နီအစပ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ အနောက်ကယန်းဒေသတို့တွင် စက်သုံးဆီ ပြတ်လပ်လာနေပြီဟု စစ်ရှောင်များက ပြောသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်လိုက်သည့် ၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်းကစပြီး စစ်ကောင်စီက လမ်းကြောင်းများကို ပိတ်ဆို့ထားခြင်းကြောင့် စက်သုံးဆီများ ပြတ်လပ်လာခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

အနောက်ကယန်းဒေသ၊ ဆီးဘူးဒေသရှိ စစ်ဘေးရှောင်တစ်ဦးက စစ်ကောင်စီဖက်မှ လမ်းပိတ်ထားသည့် အခြေအနေနှင့် ပတ်သက်၍ “တောင်ငူလမ်းကြောင်းပဲ ရှိတယ်။ မနေ့က ကုန်ကားတွေ ၂ စီး ၃ စီးလောက်လာတယ်။ မှောင်နေတော့ သိပ်မတွေ့ရဘူး။ ကားတွေတော့ ဝင်တယ်။ ဖယ်ခုံဘက်က ပေးမဝင်တော့ဘူး။ တောင်ငူလမ်းပဲ ရှိတော့တယ်။ အဲဒီလမ်းတောင် ယာဒိုမှာ အရမ်းစစ်တယ်။ ဆန်တွေဆို သယ်မရဘူးလို့ကြားတယ်” ဟု ပြောသည်။

လက်တလောတွင် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းနှင့် ကယန်းဒေသက ကျေးရွာများမှာ ဆီးဘူးဒေသကနေ စက်သုံးဆီ ဝယ်ယူနေရပြီး တစ်လီတာ ကျပ် ၅,၀၀၀ စျေးဖြင့် ဝယ်ယူနေရသည့်အပြင် အချို့နေရာများတွင် ကျပ် ၇,၀၀၀ ခန့်အထိ ပေးဝယ်နေရသည်ဟု ဆိုကြသည်။

ထိုစျေးနှုန်းများဖြင့် ဝယ်ယူရာ၌လည်း အိမ်ထောင်စုတစ်စုကို ဓါတ်ဆီ ၂ လီတာနှုန်းနှုန်းဖြင့် ဝယ်ယူနေကြရသလို ဆီဘောက်ဆာကားမှာ ၁၀ ရက်ခန့်မှ တစ်ကြိမ်သာ ဆိုက်ရောက်ခြင်းကြောင့် ဆီလုံးဝပြတ်သွားသည့် ရက်များပင် ရှိလာသည်ဟု ဒေသခံများက ပြောဆိုကြသည်။

စက်ဆုံးဆီ ပြတ်လပ်သည့်အတွက် ကရင်နီတော်လှန်ရေးအင်အားစုများနှင့် စစ်ဘေးရှောင်ကူညီရေး အဖွဲ့အစည်းများလည်း အခက်တွေ့နေကြသည်ဟု ဆီးဘူးဒေသက စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

“တော်လှန်ရေးသမားတွေကျတော့ သူတို့တွေက ကားနဲ့သွား၊ ကားနဲ့တင်ဆိုတော့ ဆီမရှိတော့ တော်တော် ခက်ခဲတာပေါ့။ သွားရေးလာရေး သိတယ်မလား၊ တစ်ခုခုဆို ကားနဲ့သွားရတာလေ။ ဝေးလည်း ဝေးတာကိုး၊ တော်လှန်ရေး အတွက်ဆိုရင် အဲ့တစ်ခုက တော်တော်ခက်ခဲတယ်” ၎င်းက ဆိုသည်။

ထိုသို့ စက်သုံးဆီ ပြတ်လပ်သွားသည့်အပြင် အခြားကုန်ဈေးနှုန်းများလည်း အဆမတန် မြင့်တက်လာပြီး ဆန်ကြမ်းတစ်အိတ်လျှင် ကျပ်တစ်သိန်းခွဲ၊ စားအုန်းဆီ တစ်ပိဿာ ကျပ်တစ်သောင်းခွဲ၊ ကြက်သွန်နီ တစ်ပိဿာ ကျပ်ငါးထောင် အသီးသီးပေါက်ဈေး ရှိနေသည်ဟု ဒေသခံများက ပြောဆိုသည်။

အလားတူ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့၌လည်း စစ်ကောင်စီမှ လမ်းပိတ်ဆို့ထားမှုကြောင့် စက်သုံးဆီ အဝင် လုံးဝ မရှိတော့ဘဲ ပြတ်လပ်နေခြင်း ဖြစ်သည်။

လက်ရှိ၌ ဖယ်ခုံမြို့တွင် စက်သုံးဆီ ပြတ်လပ်နေတာကြောင့် စစ်ရှောင်စခန်းများဆီ ရိက္ခာပစ္စည်းများ ပို့ဆောင်ပေးရန် အခက်အခဲများရှိနေကြပြီး ၁၁၁၁ စစ်ဆင်ရေး စတင်လိုက်ပြီးနောက် ကရင်နီပြည်နယ်ထဲနှင့် ရှမ်း-ကရင်နီ အစပ် မိုးဗြဲ၊ ဖယ်ခုံဒေသများထဲ ကုန်စည်စီးဆင်းမှုများပါ မရှိတော့ဘူးဟု ဒေသခံများနှင့် စစ်ရှောင်များကို ကူညီပေးနေသူများက ပြောသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here