ကသာနယ်မှာ စစ်ကြောင်းထိုးဝင်လာတဲ့တပ်မှ စစ်ကောင်စီတပ်သား ၃ ဦး KIA ဆီ အလင်းဝင်

0
229

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် ပုလွေရွှေကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ထဲက စစ်သား ၃ ယောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကို အလင်းဝင်ရောက်လာတယ်လို့ ကသာကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရသည်။

ဒီဇင်ဘာ ၃ ရက်နေ့ မနက် ၆ နာရီခန့်က ကသာမြို့ကနေ ပလွေရွှေကျေးရွာဘက်ကို သံခွန်မော်တော် အကြီးတစ်စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ ပလွေရွှေကျေးရွာ အရှေ့ကမ်းကပ်လာချိန် ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ခွဲ ၂ က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်သားအချို့ ထွက်ပြေးသွားပြီး စစ်သား ၃ ဦးကတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ ထဲကို လက်နက်ချ အလင်းဝင်လာတယ်လို့ KIA တပ်မဟာ ၈ နဲ့ နီးစပ်တဲ့ ကသာ PDF တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

“မနေ့တုန်းက ဖြစ်စဥ်ပါ။ အလင်းဝင်လာတာ ၃ ယောက်ပါ။ ပလွေရွှေနားမှာ ဒီဘက်ကတိုက်ခိုက်လိုက်တော့ အနာတွေများလို့ ပြာယာခတ်ပြီး တချို့ထွက်ပြေးသွားတာတွေ ရှိတယ်။ အဲ့ထဲက ၃ ယောက်က တပ်မဟာ ၈ ထဲကို အလင်းဝင်လာပါတယ်” လို့ အဆိုပါတာဝန်ရှိသူက ပြောသည်။

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ တပ် ၈၈ လက်အောက် စစ်အင်အား ၄၀ ဝန်းကျင်ပါရှိပြီး တပ်သား ၃ ဦးက လက်နက်ချ အညံ့ခံခဲ့သော်လည်း နောက်ထပ် စစ်သားအင်အား ၁၅ ဦး လောက်ဟာ ထွက်ပြေးလွတ်မြောက် သွားတယ်လို့ ၎င်းက ဆိုသည်။

ဒါ့အပြင် သံခွန်မော်တော်ယာဉ်ပေါ်ကနေ မဆင်းသေးဘဲရှိနေသေးတဲ့ နောက်ထပ်စစ်အင်အား ၂၀ လောက်က ထိခိုက်ဒဏ်ရာရရှိပြီး သံခွန်မော်တော်ယာဉ် ပြန်မောင်းထွက်သွားတယ်လို့ KIA တပ်မဟာ ၈ နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောဆိုသည်။

“ပစ်တာက ၄ ၊ ၅ လုံး ပစ်လိုက်တာ၊ သံခွန်ကိုက ၂ လုံး ထိတယ် ပြောတယ်။ အဲ့တာကြောင့် သူတို့တော်တော် အထိနာပြီး ပြာယာတွေခတ်သွားတော့ ပြေးချင်တဲ့လူက ပြေးတော့တာပေါ့။ အဲ့ ၁၅ ဦးထဲက ၁၂ ဦး လောက် ပျောက်သွားတယ်။ ဘယ်ရောက်သွားလဲ မသိဘူး။ သံခွန်နဲ့ပဲ ပြန်သွားပေါင်းတာလား၊ ဘယ်ကို ရောက်သွားလဲ မသိရဘူး” လို့ ၎င်းက ပြောသည်။

တိုက်ခိုက်ခံရတဲ့ အဲ့ဒီသံခွန်မော်တော်ဟာ မွန်းလွဲပိုင်းမှာ ဒဏ်ရာရစစ်သားတွေနဲ့အတူ ကသာမြို့တွင်းဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဒေသခံတွေထံမှ သိရသည်။

ကသာနယ်၊ ပလွေရွှေကျေးရွာဟာ KIA တပ်ရင်း ၁ နယ်မြေ ဖြစ်ပြီး ပလွေရွှေကျေးရွာ အနောက်ဘက် ငအိုး၊ မဘိန်း ဘက်ကတော့ KIA တပ်ရင်း ၁၂ နယ်မြေထဲတွေဖြစ်ကြောင်း KIA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်များဆီက သိရသည်။

ဒါ့အပြင် စစ်ကောင်စီဟာ ခွင့်မဲ့ဖြစ်နေတဲ့ စစ်သားတွေနဲ့ စစ်ပြေးသွားတဲ့ စစ်သားတွေကို စစ်တပ်ထဲ ပြန်လည် ဝင်ရောင်နိုင်ကြောင်းနဲ့ ပြန်လည်ဝင်ရောက်လာတဲ့ ခွင့်မဲ့စစ်သားတွေနဲ့ စစ်ပြေးတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးမယ်လို့လည်း စစ်တပ်ပိုင်သတင်းစာတွေကနေ ဒီဇင်ဘာ ၃ ရက်နေ့က ထုတ်ပြန်ကြေငြာထားသည်။

အလားတူ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယခုနှစ်ထဲ Non-CDM ဝန်ထမ်းတွေ အလင်းဝင်လာကြဖို့ ထုတ်ပြန်ချက် ၂ ကြိမ် တိတိ ထုတ်ပြန်ခဲ့ရာမှာ ပထမအကြိမ်ထုတ်ပြန်ချိန်၌ စစ်သားနဲ့ ရဲ ၅၆ ဦး တိတိ အလင်းဝင်လာခဲ့ကြောင်းနှင့် ဒုတိယအကြိမ် ပြန်လည်ထုတ်ပြန်ရာမှာလည်း နောက်ထပ် စစ်သားနှင့် ရဲ ၂၉ ဦး အလင်းဝင်တယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံကနေ သိရှိရသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here