မိုးကောင်း၊ မရန်ကထောင်ရွာထဲ ပစ်ခတ်မှုဖြစ်ပေါ်က ရွာကိုမီးရှို့မယ်လို့ စစ်ကောင်စီခြိမ်းခြောက်

0
223

ကချင်ပြည်၊ မိုးကောင်းမြို့နယ် လွယ်လီယာန်အုပ်စု မရန်ကထောင်ကျေးရွာထဲမှာ ပစ်ခတ်မှုတွေ ထပ်ပြီး ဖြစ်လာခဲ့ရင် နေအိမ်တွေကို မီးရှို့ဖျက်စီးပစ်မယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုထားတာကြောင့် ဒေသခံတွေက တိမ်းရှောင်နေကြဆဲ ဖြစ်တယ်လို့ သိရသည်။

နမ္မတီးမြို့အဝင် မရန်ကထောင်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီ စစ်တပ်ဂိတ်နှင့် တပ်စခန်းနေရာ ပစ်ခတ် ခံရတဲ့နောက်ပိုင်း တိုက်ပွဲ ထပ်မံဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် စစ်ကောင်စီတပ်က ကျေးရွာသားတွေကို ခြိမ်းခြောက်နေတာကြောင့် အိမ်ထောင်စု ၅၀ လောက်က နမ္မတီးနှင့် မိုးကောင်းမြို့ပေါ်ဘက်ကို ထွက်ပြေး တိမ်းရှောင်ကြတာ ၁၀ ရက် လောက်ရှိနေပြီလို့ မရန်ကထောင်ဒေသခံ အမျိုးသားတစ်ယောက်ကပြောသည်။

“ရွာထဲမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာရင် စစ်သားတွေက ရွာသားတွေကို ဖမ်းဆီးရိုက်နှက်မှာကို စိုးရိမ်တဲ့အတွက် ရွာထဲကနေ တိမ်းရှောင်နေကြတာ ဖြစ်တယ်။ ရွာထဲမှာ လိုက်စစ်ပြီးတော့ KIA စစ်သားတွေ ဝင်လာရင် သတင်းပို့ဖို့ အသည်းအသန် လိုက်ပြောထားတယ်။ မပြောဘဲနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်လာရင် သတ်မယ်ဖြတ်မယ်တဲ့။ သူတို့ကို ကာကွယ်ပေးရမယ်တဲ့ အဲလိုလိုက်ပြောတယ်။ နောက် ရွာကနေ တိမ်းရှောင်သွားကြတဲ့သူတွေကိုလည်း အမြန်ပြန်လာကြဖို့ ပြောထားတယ်။ ဒါမဟုတ်ရင် အိမ်တွေ မီးရှို့ပေးလိုက်မယ်တဲ့Óလို့ ၎င်းက ပြန်ပြောပြသည်။

မရန်ကထောင်ကျေးရွာ၌ အိမ်ထောင်စု ၁၀၀ ဝန်းကျင်ရှိပြီး ယင်းတို့ထဲကနေ အိမ်ထောင်စု ၅၀ လောက်က အသက်ကြီးရွယ်အိုများ၊ ကလေးများ၊ နို့စို့ကလေးနှင့်မိခင်များ၊ ရွာသားတချို့မှာ ကျေးရွာအတွင်း တိုက်ပွဲ ထပ်မံ ဖြစ်ပွားလာမှာ စိုးရိမ်ကြတဲ့အတွက် ရွာသို့ပြန်မလာရဲကြဘဲ မိုးကောင်းနဲ့ နမ္မတီးမြို့တွင် တိမ်းရှောင်နေကြသည်။

လက်ရှိ၌ စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာအတွင်းကျန်ရှိနေသည့် ကျေးရွာတာဝန်ခံတချို့နဲ့ ရွာသားများကို ၎င်းတို့စစ်တပ်နေရာ ပစ်ခတ်ခံရမှုမဖြစ်အောင် ကာကွယ်ပေးဖို့နဲ့ တိမ်းရှောင်သွားတဲ့ ရွာသားတွေကိုလည်း ရွာထဲပြန်လာကြဖို့ စည်းရုံးခိုင်းနေတယ်လို့ မရန်ကထောင်ဒေသခံအမျိုးသားက ဆက်ပြောပြသည်။

မရန်ကထောင်စစ်တပ်ဂိတ်ဟာ ဖားကန့်နဲ့ တနိုင်းသွားသည့် ကားလမ်းမကြီးပေါ်၌ရှိပြီး စစ်အင်အား ၃၀ နဲ့ ၄၀ ကြား တပ်ချထားသော စစ်တပ်ဂိတ်ကြီး ဖြစ်သည့်အပြင် ခရီးသွားပြည်သူတွေထံကနေ ငွေကြေးတောင်းမှု ငွေကြေးတောင်းမှု အများဆုံးဖြစ်တဲ့ စစ်တပ်ဂိတ်လည်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ မရန်ကထောင်ကျေးရွာမှာရှိတဲ့ အဆိုပါ စစ်ကောင်စီစစ်တပ်ဂိတ်နဲ့ တပ်စခန်းနေရာကို KIA နဲ့ PDF တပ်ဖွဲ့တွေက သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here