ပလက်ဝတိုက်ပွဲတွင် စစ်ကောင်စီက ဓာတုဓာတ်ငွေ့ဗုံးများဖြင့် တိုက်ခိုက်ကြောင်း AA ပြောဆို

0
274
Photo - AA Info Desk

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ၏ တရွန်အိုင်နှင့် နှုံးဗူးဗျူဟာကုန်းတို့ကို ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာ ၁၄ ရက်မှ စပြီး ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ရက်ပေါင်း ၂၀ ကျော် ကြာမြင့်လာပြီး စစ်ကောင်စီ ဘက်မှ ဓာတုဓာတ်ငွေ့ဗုံးများဖြင့် အသုံးပြု တိုက်ခိုက်မှုများရှိလာကြောင်း AA က သတင်းထုတ်ပြန်ပြောသည်။

လက်ရှိတွင် AA ၏ ထိုးစစ်အရှိန် တဖြည်းဖြည်းမြင့်တက်နေပြီး စစ်ကောင်စီ၏ ခုခံစစ်မှာလည်း အမြင့်ဆုံးအချိန်သို့ ရောက်ရှိလာရာ ဒီဇင်ဘာ ၃ ရက်နေ့ တရက်တည်းတွင်ပင် စစ်ကောင်စီသည် ဂျက်တိုက်လေယာဉ်၊ Mi 35 ၊ Y 8 ၊ Y 12 တိုဖြင့် လေကြောင်းပစ်ကူမှု အကြိမ် ၃၀ ကျော် ပြုလုပ်ခဲ့သည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအပြင် ဒီဇင်ဘာ ၃ ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီက (Chemical Warfare Agents) ဓာတုဓာတ်ငွေ့ပါသော ဗုံးများကို အသုံးပြုပြီး ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း AA က ဆိုသည်။

ဓာတုဗုံးများ အသုံးပြုလာခြင်းကြောင့် အရပ်သားပြည်သူများ၏ အသက်အန္တရာယ်ထိခိုက်မှုလည်း ပိုမိုမြင့်တက် လာနိုင်ကြောင်း ပြောဆိုမှုများ ရှိနေသည်။

ပလက်ဝမြို့ခံအမျိုးသားတစ်ဦးက “အဲဒီဒေသမှာ ကျန်ရှိနေသေးတဲ့ အရပ်သားပြည်သူတွေကို ထိခိုက်မှု ရှိလာနိုင်တယ်” ဟု ပြောဆိုသည်။

ပလက်ဝတွင် စစ်ကောင်စီက လမ်းပန်းဆက်သွယ်ရေး၊ အင်တာနက်လိုင်းများကို ဖြတ်တောက်ထားပြီး တိုက်ပွဲဖြစ်ပွားရာ နေရာများ၌ ဖုန်းလိုင်းမကောင်းသဖြင့် အသေးစိတ် သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် ခက်ခဲနေသည်။

ပြီးခဲ့သည့်ရက်ပိုင်းက တရွန်အိုင်၊ နှုံးဗူး တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် တရွန်အိုင်ရွာနှင့် အထက်မီးဇာကျေးရွာတို့မှ ဒေသခံ ၄ ဦး သေဆုံးကာ၊ ၁၃ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

နိုင်ငံတကာတွင် အသုံးပြုခွင့် ပိတ်ပင်ထားသည့် ဓာတုလက်နက်များကို စစ်ကောင်စီက အသုံးပြုလာခြင်းမှာ ပြည်သူများအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း ဖြစ်သည်ဟု နိုင်ငံရေးသမားများက ဝေဖန်သည်။

ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက “ ဓာတုလက်နက်တို့ ဇီဝလက်နက်တို့ဆိုတာ နိုင်ငံတကာမှာ သုံးစွဲခွင့် ပိတ်ပင်ထားတာ၊ တိုက်ပွဲမှာ အနိုင်ရလိုမှု တခုတည်းနဲ့ ဘယ်သူသေသေ ငါတို့အနိုင်ရရင်ပြီးရောဆိုပြီး လုပ်တာက မကောင်းဘူး။ နိုင်ငံတကာဥပဒေနဲ့ ဆန့်ကျင်ရာ ကျတယ်။ ဒီလို ဓာတုဗုံးတွေ သုံးတာက လုံးဝကို စစ်ရာဇဝတ်မှုကို ကျူးလွန်တာကြောင့် ဓာတုဗုံးတွေ သုံးတာကို ဆန့်ကျင်ရမယ်။ နိုင်ငံတကာသိအောင် ဖော်ထုတ်ရမယ်” ဟု ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA သိမ်းပိုက်ထားသည့် ရှမ်းမြောက်ဒေသ၊ သိန္နီမြို့နယ် နမ့်စလပ်တောင်ကုန်းစခန်းကို နိုဝင်ဘာ ၂၃ ရက်တွင် စစ်ကောင်စီတပ်က ဓာတု(အဆိပ်) ဗုံး ၄ လုံးဖြင့် တိုက်ခိုက်ခဲ့သဖြင့် MNDAA တပ်ဖွဲ့ဝင်အချို့ ခေါင်းမူး၊ အော့အန်ခြင်းများ ဖြစ်ခဲ့ကြောင်း သိရသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ၏ နိုဝင်ဘာလ ၁၉ ရက် ထုတ်ပြန်ချက်တွင်လည်း နမ့်ခမ်းမြို့ရှိ စခန်းသစ် လက်နက်ကြီးကုန်းအား TNLA က သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ နိုဝင်ဘာလ ၄ ရက်နေ့တွင်လည်း လားရှိုးမြို့နယ်ရှိ မိုင်းကျက်တပ်စခန်းအား တိုက်ခိုက်စဉ်တွင် စစ်ကောင်စီသည် အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်က ဓာတုဗုံးသုံး တိုက်ခိုက်ကြောင်း ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ မည်သည့်တိုက်ပွဲတွင်မျှ ဓာတုအဆိပ်ငွေ့နှင့် တိုက်ခိုက်ခြင်း လုံးဝမရှိဘဲ စွပ်စွဲခြင်းသာ ဖြစ်ကြောင်း” အခိုင်အမာ တုံ့ပြန်ပြောဆိုထားသည်။

ရခိုင်ပြည်အတွင်း စစ်ပွဲများမှာ နိုဝင်ဘာလ ၁၃ ရက်နေ့က စပြီး နေရာအနှံ့ ပြင်းထန်လာကာ စစ်ကောင်စီက အရပ်သားများအား ပစ်မှတ်ထား တိုက်ခိုက်မှုများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများကို မီးရှို့မှုများ ဆက်တိုက် ရှိလာနေသည်။

“စစ်ရေးအရ နိုင်ငံအနှံ့တွင် အထိနာသော စစ်ကောင်စီသည် ၎င်းတို့အထိနာတိုင်း ပြုလုပ်နေကျ လုပ်ရပ်အနေဖြင့် ပြည်သူများ နေထိုင်ရာ နေရာများကို လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခြင်း စသည့် စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်နေကြောင်း” AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here