မုန်းမြို့ရှိ စစ်ကောင်စီတပ်စခန်းများအား KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်နိုင်

0
316

ကရင်အမျိုးသားအစည်းအရုံး- KNU၊ တပ်မဟာ (၃) ညောင်လေးပင်ခရိုင်၊ မုန်းမြို့ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၅၉၉၊ မြို့မရဲစခန်းနှင့် မုန်း-အုတ်ဖြတ်တံတားရှိ လုံခြုံရေးဂိတ်စခန်းများအား KNLA ပူးပေါင်းတပ်က သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း KNU ဗဟိုမှ သိရသည်။

ဒီဇင်ဘာ ၂ ရက်နေ့က စတင်ခဲ့သော တိုက်ပွဲအတွင်း စစ်ရေးမဟာဗျူဟာအရ အရေးပါသော စစ်ကောင်စီ တပ်စခန်းများအား တပြိုင်နက် တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ပြီး KNU အနေဖြင့် မြို့သိမ်းရန် ရည်ရွယ်ချက် မရှိခဲ့ကြောင်း ကေအဲန်ယူပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကလယ်စေးက ပြောဆိုသည်။

“KNU အနေနဲ့ မြို့သိမ်းတဲ့ ရည်ရွယ်ချက်တော့ မရှိသေးဘူး။ တပ်ရင်း ၅‌၉၉ နဲ့ မြို့မရဲစခန်းကတော့ ရသွားပြီ။ တံတားလုံခြုံရေးဂိတ်နဲ့ အုတ်ဖြတ် စစ်ဆေးရေးဂိတ်ကိုလည်း ရပြီ။ နဂိုကတည်းက စစ်စခန်းတွေကို ချေမှုန်းဖို့ပဲ ဆိုတော့လေ အခုသိမ်းလိုက်နိုင်တဲ့ စခန်းတွေက စစ်ရေးမဟာဗျူဟာအရ အရေးပါတဲ့စခန်းတွေ ဖြစ်တယ်။ နေပြည်တော်ဘက်ကို ဆက်လက်ချီတက်မယ့် လမ်းကြောင်းလည်း ဖြစ်သလို တပ်မဟာ (၅) နယ်စပ်ဘက်ကို ထိန်းချုပ်နိုင်ဖို့ အဓိကလမ်းကြောင်းလည်း ဖြစ်တယ်” ဟု ပဒိုစောကလယ်စေးက ပြောသည်။

ထို့အပြင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ – ၅၉၀ ကို သိမ်းပိုက်နိုင်ရန် KNLA ပူးပေါင်းတပ်များက ဒီဇင်ဘာ ၃ ရက်နေ့ကတည်းက ဆက်လက်တိုက်ခိုက်လျက်ရှိရာ စခန်းအပြီးသတ်သိမ်းနိုင်ခြင်း ရှိမရှိကို အတည်ပြုလို့ မရသေးသလို ယခုအချိန်ထိ တိုက်ပွဲပြင်းထန်နေသဖြင့် နှစ်ဖက်ထိခိုက်မှု အခြေအနေ အသေးစိတ်ကိုလည်း မသိရှိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

မုန်းမြို့ရှိ စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်ခံရစဉ် စစ်ကောင်စီဘက်က လေကြောင်းဖြင့် အကြိမ်ရေ ၂၀ ထက်မနည်း တိုက်ခိုက်စစ်ကူပေးနေသလို အနီးနားရှိ စစ်ကောင်စီတပ်စခန်းများမှလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

တိုက်ပွဲများ မစတင်ခင် မြို့နေပြည်သူလူထုအား KNU က ကြိုတင်အသိပေးမှုများ လုပ်ဆောင်ထားသဖြင့် နှစ်ဖက်ပစ်ခတ်မှုများ‌ကြောင့် လက်ရှိအချိန်ထိ ဒေသခံ သေဆုံးမှုနှင့် ထိခိုက်မှု မရှိသေးကြောင်း ကေအဲန်ယူသတင်းအရင်းမြစ်က ပြောသည်။

မုန်းမြို့ရှိ ဒေသခံများနှင့် အဆက်အသွယ်ရရှိရန် ကြိုးပမ်းနေသော်လည်း လတ်တလော မြို့တစ်မြို့လုံးတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသဖြင့် အဆက်အသွယ်ရရှိရန် ခဲယဉ်းနေသည်။

အဆိုပါတိုက်ပွဲများနှင့် ပတ်သက်၍ KNLA ပူးပေါင်းတပ်က စခန်းသိမ်းနိုင်ခြင်းမှာ သတင်းအမှားဖြစ်ပြီး အသေအပျောက်များနေသဖြင့် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း စစ်ကောင်စီတပ် လက်အောက်ခံ ဝါဒဖြန့်မီဒီယာများက ပြောဆိုရေးသားထားသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here