ကျိုက်မရောမြို့နယ်အတွင်းက စစ်ရှောင်ပြည်သူများ အကူအညီလိုအပ်နေ

0
258
ပုံစာ - ကျိုက်မရောစစ်ရှောင်တချို့ ပုန်းခိုနေကြရသည့် ပျားတောင်ဂူ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများ စားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီ လိုအပ်နေသည်ဟု ကူညီပေးနေသူတို့ထံမှ သိရသည်။

ဒေသခံများ စစ်ဘေးရှောင်နေသည့်နေရာသို့ သွားရောက်ရန် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး အင်အားစုတို့ဘက်က လမ်းများပိတ်ထားသည့်အတွက် စစ်ဘေးရှောင်များ ရှိရာနေရာသို့ သွားရောက်ကူညီရန် အချိန်ကြန့်ကြာ နေသည်ဟုလည်း ဆိုသည်။

ယင်းပြင် စစ်ဘေးရှောင်များမှာ တနေရာတည်းတွင် တစုတစည်းတည်း တည်ရှိနေခြင်း မဟုတ်သည့်အတွက် စားနပ်ရိက္ခာနှင့် အခြားလိုအပ်ချက်များ ဖြည့်ဆည်းပေးရန် အခက်အခဲ ကြုံတွေ့နေရသည်ဟု စစ်ရှောင်များကို အကူအညီပေးနေသည့် ကော့ပနောဒေသခံတစ်ဦးက ပြောသည်။

“ဒီတိုက်ပွဲက ရက်ကြာရှည်နိုင်တဲ့အတွက် ကျွန်တော်တို့ ရိက္ခာတွေ တတ်နိုင်သလောက် စုစည်းထားတာရှိတော့ ကျွန်တော်တို့ဘက်က အတွက်တော့ သိပ်ပြီးတော့ စိတ်မပူရဘူး။ ဒါပေမဲ့ ကျန်တဲ့ဘက်တွေကိုပဲ ကျွန်တော် စိတ်ပူတယ်။ ဘာဖြစ်လဲဆိုတော့ အခု ပျားတောင်လိုပေါ့။ ကျွန်တော်တို့မှာ ရိက္ခာတွေရှိတယ် ဒါပေမဲ့ ပို့လို့မရဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ (စစ်တပ်) ပျားတောင်မှာ ရှိနေတော့ ဆင်းလို့မရဘူး။ ကျွန်တော်တို့ ပေးပို့ချင်သော်လည်း သွားပို့လို့ မရဘူး” ဟု ၎င်းက ပြောဆိုသည်။

စစ်ဘေးရှောင်များသည် မုဒုံ၊ မော်လမြိုင်၊ ကျိုက်မရောမြို့ပေါ်နှင့် နီးစပ်ရာ ဆွေမျိုးမိတ်ဆွေများထံလည်း တိမ်းရှောင် သွားကြသလို တချို့လည်း တောတောင်နှင့် ပျားတောင်ရှိ လိုဏ်ဂူများထဲတွင် တိမ်းရှောင် နေကြရသည်ဟု ဆိုသည်။

လက်ရှိတွင် ပျားတောင်ဂူအတွင်း တိမ်းရှောင်နေကြသည့် စစ်ရှောင်ဦးရေ ၂၀၀ ခန့်နှင့် MCL ဘိလပ်မြေစက်ရုံ အနီးတဝိုက်ရှိ စစ်ရှောင်ဦးရေ ၁၀၀ ခန့်အတွက် အရေးပေါ် အကူအညီ လိုအပ်နေသည်ဟု အဆိုပါ ကော့ပနော ဒေသခံက ပြောပါသည်။

ကျိုက်မရောမြို့နယ်အတွင်း တိုက်ပွဲ ဆက်လက်ပြင်းထန်နေသည့်အပြင် စစ်ကောင်စီတပ်ဘက်က လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းကြောင့် တချို့ဒေသခံများမှာ ရွာလုံးကျွတ် ထွက်ပြေးနေကြရသည်။

မယ်တရိုဒေသခံတစ်ဦးက “ အခုတိုက်ပွဲက ပိုပြီး ကြမ်းလာတယ်။ အခု သူတို့ ပစ်နေကြတာ၊ လူနေအိမ်တို့ ဘာတို့ သူတို့ မသိတော့ဘူး။ နှစ်ဖက်ပစ်သွားတဲ့ ကျည်ဆံ အစတွေကြောင့် အိမ်ကိုထိသွားတာလည်း ရှိတယ်။ ရွာမှာ မနေရဲကြတော့ဘူး” ဟု ဆိုသည်။

စစ်ဘေးရှောင်ပြည်သူများကို အနယ်နယ်အရပ်က လှူဒါန်းငွေများနှင့် ဒေသတွင်းရှိ ဆရာတော်များ၊ အလှူရှင်များက အကူအညီပေးနေပြီး တိုက်ပွဲရက်ရှည် ကြာလာသည်နှင့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ ပြတ်လပ်လာမည်ကိုလည်း စိုးရိမ်မှုများ ရှိနေကြသည်။

ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွ တံတားဂိတ်ကို KNLA ပူးပေါင်းတပ်ဖွဲ့တို့က နိုဝင်ဘာလ ၁၀ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပွားလာခဲ့သည်။

တိုက်ပွဲကြောင့် ကလေး ၂ ဦး အပါအဝင် အရပ်သားပြည်သူ ၅ ဦး ထက်မနည်း သေဆုံးသွားပြီး ထိခိုက်ဒဏ်ရာ ရသူလည်း ၁၀ ဦး ထက်မနည်းရှိကာ နေအိမ်မီးလောင်တာ လက်နက်ကြီးကျည်ကျပြီး နေအိမ်ထိခိုက် ပျက်စီးတာတွေလည်း အများအပြား ရှိခဲ့သည်။

နှစ်ဖက်တိုက်ပွဲကြောင့် ကျိုက်မရောမြို့နယ်အတွင်း ချောင်းနှစ်ခွ၊ မယ်တရို၊ ကျောက်ကွဲ၊ ပေါလော၊ လှာကဇိုင်း၊ တောင်ကလေး၊ မရမ်းကုန်း၊ ကော့ဒွန်း၊ ကော့ပနော အစ ရှိသည့် ကျေးရွာပေါင်း ၂၀ ရွာ ထက်မနည်းက ဒေသခံ ပြည်သူ သောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင် နေကြရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here