ကျောက်တော်ရှိ စစ်ဘေးရှောင် ၂ဝဝ ကျော် မတ်လနောက်ဆုံးထား ပြောင်းရွှေ့ပေးရမည်

0
231
ပုံစာ - စစ်ဘေးရှောင် ၂ဝဝ ကျော် နေရာပြောင်းရွှေ့ပေးရမည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကန်စောက်ကျေးရွာရှိ သာသနာဝေပုလ္လကန်စောက်ကျောင်းဝန်းထဲမှ စစ်ဘေးရှောင် ၂ဝဝ ကျော်သည် လာမည့် မတ်လနောက်ဆုံးထား၍ နေရာပြောင်းရွှေ့ပေးရမည်ဟု သိရသည်။

ဘုန်းကြီးကျောင်းမြေနေရာ၌ မိသားစုအများအပြား နေထိုင်ခြင်းအားဖြင့် သာသနာ့နယ်မြေများ တဖြည်းဖြည်း ညစ်ညမ်းလာသည့်အတွက် ကန်စောက်ရွာထဲရှိ ရဲစခန်းဟောင်းနေရာသို့ ရွှေ့ပြောင်းရန် သတ်မှတ်လိုက်ခြင်း ဖြစ်သည်ဟု ကန်စောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်ကျော်က ပြောသည်။

“ဘုန်းကြီးကျောင်းမှာ ဥပုသ်သီလဆောက်တည်ဖို့လာရင် ပတ်ဝန်းကျင်ညစ်ညမ်းတာတွေ ကလေးမွေးတဲ့ ကိစ္စတွေလည်း ရှိကြတယ်။ အရင်ဆိုရင် အပင်ခြေရင်းတွေမှာ ဖျာခင်းလို့ ပုတီးစိပ်လို့ရတယ်။ အခုဆိုရင် အနောက်ဘက်တွေ အပေါ့သွားဖို့ကိစ္စတောင် အဆင်မပြေဘူး။ အနံ့အသက်တွေ မကောင်းတော့ဘူး” ဟု ၎င်းက ပြောသည်။

ထိုသို့ နေရာပြောင်းရွှေ့ရန်အတွက် ကန်စောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦး‌မောင်‌မောင်ကျော်အိမ်၌ စစ်ဘေးရှောင်များနှင့် ရွာသူရွာသားများကို ၃ ကြိမ်တိုင်တိုင် အစည်းအဝေးခေါ်၍ အားလုံးသဘောတူ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းသို့ ပြောင်းရွှေ့မည်ဆိုသည်ကို စစ်ဘေးရှောင်များက သဘောတူကြောင်း လာမည့်အောက်တိုဘာလ ၁၅ ရက်တွင် ဝန်ခံလက်မှတ်ရေးထိုးရမည်ဟုလည်း စစ်ဘေးရှောင်များက ပြောသည်။

စစ်ဘေးရှောင်များအနေဖြင့် ဆရာတော်နှင့် ရွာသူရွာသားများ စိတ်အနှောင့်အယှက် မဖြစ်စေလို၍ ရွှေ့ပြောင်းပေးရန် သဘောတူကြသော်လည်း ရွှေ့ပြောင်းရမည့်နေရာသည် ခိုက်သည်၊ ကြမ်းသည်ဟု ယူဆနေကြ၍ စိုးရိမ်စိတ်များ ရှိနေကြသည်ဟု ကန်စောက်စစ်ဘေးရှောင်စခန်းတာဝန်ခံ မသန္တာဌေးက နိရဥ္စရာကိုပြောသည်။

“အဲ့ဒီ‌နေရာက မြေနေရာမသန့်ဘူး။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်က လင်မယားနှစ်ယောက်ဆိုရင် တစ်ပတ်အကြာလောက်မှာ ရှေ့ဆင့်နောက်ဆင့်သေသွားတာမျိုးတွေရှိတယ်။ အဲ့ဒီနားမှာရှိတဲ့နေရာက ကြမ်းတယ်လို့ ရွာသားတွေပြောပါတယ်။ စခန်းကလူတွေက ကလေးတွေနဲ့ဆိုတော့ မနေရဲဘူး” ဟု ပြောသည်။

အဆိုပါ ရဲစခန်းမြေနေရာဟောင်းသည် လွန်ခဲ့သည့် ၁၀ နှစ်ခန့် ကတည်းကပင် ရဲစခန်းအဆောက်အအုံများကို ဖြိုဖျက်ထားသည့် နေရာဖြစ်သည်ဟုလည်း ကန်စောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်ကျော်က ပြောသည်။

“ရဲစခန်းနေရာဟောင်းက ရွာထဲမှာပါ။ သူတို့အတွက် နေဖို့လျာထားခြင်းကိုလည်း တစ်ရွာလုံးကလည်း သဘောတူတယ်။ တခြားနေရာလည်း မရှိလို့ပါ။ အဲ့ဒီနေရာမှာ အဆောက်အဦတွေ ဆောက်ဖို့တောင် ရှိချင်ရှိလာနိုင်လို့ ရွာသားတွေ အိမ်ဆောက်ပြီး နေမယ်ဆိုတာတောင်မှ မနေခိုင်းဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါဘုန်းကြီးကျောင်းဝန်းရှိ စစ်ဘေးရှောင်များ၏ နေအိမ်အဆောင်များမှာ မိုခါမုန်တိုင်းကြောင့် ပြိုပျက် သွားခဲ့ကြသည့်အတွက် လူမှုအဖွဲ့အစည်းများက လာရောက်လှူဒါန်းသည့် သစ်၊ ဝါးများဖြင့် ပြန်လည် ဆောက်လုပ်ထားသည်မှာလည်း တစ်လခန့်သာရှိသေးသည်ဟု စခန်းတွင်နေထိုင်သည့် မနုစိန်က ပြောသည်။

“ကျောင်းဝန်းထဲမှာ မထားရင်တော့ အခက်အခဲတော့ အများကြီးရှိပါတယ်။ ပြန်ပြီးမဆောက်နိုင်တဲ့ အဖိုး၊ အဘွားတွေမှာ အငှားခိုင်းရတာတွေ ရှိပါတယ်။ အခု ဆောက်ထားတဲ့အိမ်ကို ပြန်ဖြိုပြီး ထပ်ဆောက်မယ်ဆိုလည်း ငွေကြေးမတတ်နိုင်လို့ပါ” ဟု ၎င်းက ပြောသည်။

အဆိုပါစစ်ဘေးရှောင်စခန်းကို ကန်စောက်ရွာရှိ သာသနာဝေပုလ္လကန်စောက်ကျောင်းဝန်းတွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှ စတင်တည်ထောင်ထားခြင်း ဖြစ်သည်။

ယင်းစခန်းတွင် ကျောက်တော်မြို့နယ်မှ တင်းမ၊ ပြိုင်းတိုင်း၊ မီးဝ၊ ရွှေပြည်ရွာနှင့် ပလက်ဝမြို့နယ်မှ ပလုတ်တောင်နှင့် စိမ့်စင်းစသည့် ကျေးရွာ ၆ ရွာတို့မှ အိမ်ထောင် ၅၃ စုနှင့် လူဦးရေစုစုပေါင်း ၂၂၄ ဦး ခိုလှုံနေထိုင်ကြသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here