စစ်အာဏာရှင်ကိုခုခံတိုက်ခိုက်စဉ် ၂ နှစ်ခွဲကျော်အတွင်း ချင်းတော်လှန်ရေးရဲဘော် ၃၀၀ ကျော်ကျဆုံး

0
156
ပုံစာ - စစ်အာဏာရှင်ကိုခုခံတိုက်ခိုက်ရင်း ချင်းတော်လှန်ရေးရဲဘော် ၃၀၀ ကျော်ကျဆုံး။

ချင်းပြည်နယ်မှာ ၂ နှစ်ခွဲကျော်ကာလအတွင်း အာဏာသိမ်းစစ်ကောင်စီကို ခုခံတွန်းလှန်နေသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် (CDF) အမျိုးသမီးရဲဘော် ၁၅ ဦး အပါအဝင် တော်လှန်ရေးရဲဘော် ၃၀၀ ကျော် ကျဆုံးခဲ့သည်ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) က အောက်တိုဘာလ ၁၀ ရက်က ထုတ်ပြန်သည်။

စစ်တပ်အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၁ ရက်အထိ ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်များအကြား တိုက်ပွဲပေါင်း ၇၅၀ နီးပါး ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ ပြည်ပရန်သူ အလား လက်နက်ကြီး၊ လက်နက်ငယ်နှင့် လေကြောင်းတိုက်မှုများကြောင့် ချင်းကာကွယ်ရေတပ်များ (CDF) မှ အမျိုးသားရဲဘော် ၂၉၆ ဦးနှင့် အမျိုးသမီးရဲဘော် ၁၅ ဦး စုစုပေါင်း ၃၁၁ ဦး ကျဆုံးခဲ့သည်ဟု ICA မှ လက်ထောက်ညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးစံက ပြောသည်။

“ကျနော်တို့ ရဲဘော် အယောက် ၃၀၀ ကျော်၊ ပြည်သူတွေနဲ့ဆိုရင် အယောက် ၅၀၀ ကျော် အသက်ပေးရပြီးပြီ၊၊ ဒီထက် ပိုပြီးတော့ အသက်ပေးရဦးမှာလား၊ စစ်ကောင်စီကတော့ လာတိုက်နေမှာပဲ။ ဒါပေမယ့် ကျနော်တို့ ဘက်ကနေ ဘယ်လိုမျိုးနည်းလမ်းနဲ့ ပြန်တော်လှန်သင့်တယ်။ လက်နက်ခြင်းဆက်လက်ပြီး တော်လှန်မယ်ဆိုရင် သေဆုံးမှုက ဒီထက်ပိုများလာလိမ့်မယ်” ဟု ဆလိုင်းဗန်ဆွီးစံက ပြောသည်။

ထို့ကြောင့် တော်လှန်ရေးကို ခေါင်ဆောင်နေသည့် ချင်းခေါင်းဆောင်များအနေဖြင့် ဘယ်လိုအပြောင်းအလဲများဖြင့် ရှေ့ဆက်သွားမည် သို့မဟုတ် တခြားနည်းလမ်းများဖြင့်ပါ တော်လှန်ခြင်းကို စဉ်းစားရန် အချိန်ကျရောက်နေပြီဟု ၎င်းက ပြောဆိုသည်။

CDF ရဲဘော်၊ ရဲမေများ သေဆုံးမှုတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၅ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၂၃ ဦး၊ ဖမ်းဆီးပြီး နှိပ်စက်သတ်ဖြတ်ခြင်းကြောင့် ၁၁ ဦး၊ သက်သေဖျောက်ရန် အလောင်းမီးရှို့ သတ်ဖြတ်ခံရမှု ၉ ဦး၊ ဒဏ်ရာများရရှိပြီး ဆေးဝါးကုသခွင့်မရရှိ၍ ကျဆုံးသူ ၁၈ ဦး ရှိခဲ့သည်ဟု ICA အစီရင်ခံစာက ဆိုသည်။

စစ်ကောင်စီတပ်နှင့် CDF ပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်ပွားမှုတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၃၅ ဦး ထိ ကျဆုံးခဲ့သည်။

“အခုချိန်ထိ ပေးဆပ်ရတာက အသက်ပေါင်းများစွာပေါ့၊ မတူပီအနေနဲ့ရော၊ ချင်းပြည်နယ်အနေနဲ့ရော၊ အတော်လေး များသွားပြီး။ အာဏာရှင်ကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တော်လှန်တဲ့အခါ ဒီလိုမျိုး အသက်ပေးတာတွေရော၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေရော စည်းစိမ်းဥစ္စာနဲ့ ပေးဆပ်ရတဲ့ ပြည်သူတွေရော၊ တနေ့တချိန်မှာ အောင်မြင်မှုရမယ်လို့ မျှော်လင့်တယ်။ ကျနော်တို့ ဒီဟာက တစ်ဦးတစ်ယောက်ချင်းက ဒီမှာပဲ မဆုံးပဲနဲ့” ဟု CDF – မတူပီမှ တာဝန်ရှိသူက ပြောသည်။

CDF မတူပီ တပ်ဖွဲ့တွင် တော်လှန်ရေး ၂ နှစ်ခွဲကျော်ကာလအတွင်း ရဲဘော် ၂၄ ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

ချင်းပြည်နယ်တွင် တော်လှန်ရေး ၂ နှစ်ခွဲကျော်ကာလတွင် ကလေးငယ် ၂၄ ဦးအပါအဝင် အရပ်သားပြည်သူ ၂၁၇ ဦး ကျဆုံးခဲ့ပြီး ချင်းပြည်သူ ၅၀၀ ကျော်မှာ အကျဉ်းထောင်များထဲ ဖမ်းဆီးထိန်းသိမ်းခံထားရသည်၊၊

ချင်းပြည်သူ တစ်သိန်းကျော်မှာ အိန္ဒိယက ပြည်နယ်များနှင့် ချင်းပြည်အတွင်း အခက်အခဲများစွာဖြင့် စစ်ဘေးရှောင်နေရပြီး မလေးရှားနိုင်ငံတွင် ချင်းစစ်ဘေးဒုက္ခသည် ရှစ်သောင်းကျော် ရှိသည်ဟု ICA က ထုတ်ပြန်ထားသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here