မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းဗုံးကြဲခံရမှု ကြီးလေးသောစစ်ရာဇ၀တ်မှုကျူးလွန်သည့်လူမျိုးသုဉ်းသတ်ဖြတ်မှုဟု CNF ပြောဆို

0
221
ပုံစာ - CNF ထုတ်ပြန်ကြေညာချက်။

ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းအား စစ်ကောင်စီတပ်ဖွဲ့က ဗုံးကြဲတိုက်ခိုက်ခြင်းသည် အင်မတန်ကြီးလေးသော စစ်ရာဇ၀တ်မှုကိုကျူးလွန်သည့် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ပြောဆိုလိုက်သည်။

အာဏာသိမ်းစစ်ကောင်စီသည် အောက်တိုဘာ ၉ ရက် ည ၁၁ နာရီခွဲဝန်းကျင်တွင် ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းအား လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး လူမဆန်သော အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချသည်ဟု အောက်တိုဘာလ ၁၁ ရက်နေ့တွင် CNF က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယင်းတိုက်ခိုက်မှုတွင် စစ်ဘေးရှောင် ကလေးသူငယ်များ၊ အသက်အရွယ်အိုမင်းသူများနှင့် အမျိုးသမီးများ အပါအဝင် အရပ်သားပြည်သူ ၃၀ ဦး ထက်မနည်း သေဆုံးခဲ့ပြီး၊ ၅၀ ဦးထက်မနည်း ထိခိုက်ဒါဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အဆိုပါလုပ်ရပ်သည် အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှ “ငါ မလုပ်ရဲတာ ဘာမှမရှိ” ဟူသော ခြိမ်းခြောက်စကားကို လက်တွေ့အကောင်အထည်ဖော်သည့် စက်ဆုပ်ဖွယ်လုပ်ရပ်ဖြစ်ပြီး အင်မတန်ကြီးလေးသည့် စစ်ရာဇ၀တ်မှုကို ကျူးလွန်ချိုးဖောက်သော လူမျိုးသုဉ်းသတ်ဖြတ်မှု ဖြစ်သည်ဟု CNF က ဆိုသည်။

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီအား နည်းလမ်းပေါင်းစုံဖြင့် ဝိုင်း၀န်းပြီး ဖယ်ကျင်ကန့်ကွက်အပြစ်ပေးကြရန် CNF က အလေးအနက် တောင်းဆိုထားသည်။

CNF/CNA သည် တအူတုံဆင်း ကချင်ညီနောင်များနှင့်အတူ ပြည်သူ့ရန်သူဖြစ်သော အကြမ်းဖက်စစ်ကောင်စီအား ဆက်လက်တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ပြီး နိုင်ငံရေးခံယူချက်နှင့် ဦးတည်ချက်တူညီသော တိုင်းရင်းသား ညီနောင်မဟာမိတ်များ NUG အစိုးရ၊ နွေဦးတော်လှန်ရေး လက်နက်ကိုင်အင်အားစုများနှင့်အတူ ပြည်သူလူထုဘက်မှ ရပ်တည်ပြီး စစ်အာဏာရှင် စနစ်ကျဆုံးသည်အထိ အဆုံးတိုင် တိုက်ပွဲ၀င်သွားမည်ဟု ၎င်းတို့ကြေညာချက်တွင် ဖော်ပြထားသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here