ချီဖွေကားလမ်းပိုင်းမှာ ငွေကြေးတောင်းခံတဲ့စစ်ကောင်စီဂိတ် ၃၀ ဝန်းကျင်ရှိလာလို့ဒေသခံများအခက်ကြုံနေကြ

0
192
ပုံစာ- ချီဖွေမှာငွေကြေးတောင်းခံတဲ့စစ်ကောင်စီဂိတ် ၃၀ ဝန်းကျင်ရှိနေ။

ကချင်ပြည်နယ်၊ မြစ်ကြီးနား – ချီဖွေ ကားလမ်းမတလျှောက်မှာ ငွေကြေးကောက်ခံတဲ့ စစ်ကောင်စီဂိတ် ၃၀ ဝန်းကျင် တိုးချဲ့ထားတဲ့အတွက် ကားသမားနဲ့ဒေသခံများ သွားလာရေးအခက်အခဲဖြစ်နေတဲ့အပြင် ဒီလိုငွေကြေး ပေးဆောင်သွားလာနေကြရတာကြောင့် ချီဖွေဒေသမှာ ကုန်းစျေးနှုန်း ၂ ဆ ကျော် စျေးနှုန်းမြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောဆိုသည်။

စစ်အာဏာမသိမ်းခင်က မြစ်ကြီးနား – ချီဖွေသွား ကားလမ်းမတလျှောက်မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ဂိတ်တွေ မရှိပေမယ့် လက်ရှိစစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလမှာ စစ်ကောင်စီဂိတ်တွေအပြင် ပြည်သူ့စစ်ဂိတ်နဲ့ နယ်ခြားစောင့်တပ်ဂိတ် စုစုပေါင်း ၃၀ လောက် ရှိတယ်လို့ ချီဖွေဒေသခံတွေက ပြောပါသည်။

လက်ရှိမှာ အဲဒီဂိတ်တွေက ချီဖွေဘက်ကိုတက်လာတဲ့ ကုန်တင်ကားတွေဆီကနေ ဟင်းဖိုး၊ ဂိတ်ဖြတ်ကြေး စတဲ့ ခေါင်းစဉ်အမျိုးမျိုး ပြောဆိုပြီး ငွေကြေးအတင်းအဓမ္မ ကောက်ခံနေတာကြောင့် ချီဖွေဒေသမှာ တခြားနယ်မြေ ဒေသတွေထက် ကုန်းစျေးနှုန်း အဆမတန် မြင့်တက်တဲ့ဒဏ်ကို ရင်ဆိုင်နေကြတယ်လို့ ချီဖွေဒေသခံ အမျိုးသားတစ်ယောက်က အခုလိုပြောပါသည်။

“အခု ၂၁ နောက်ပိုင်း ပြည်သူ့စစ်ဂိတ် အများဆုံးကြီး ရှိလာတယ်။ ဂိတ်တိုင်းကိုလည်း ပိုက်ဆံပေးရတယ်။ အဲ့တော့ ဘာအခက်အခဲရှိလဲဆိုတော့ ဂိတ်တိုင်းကို ပိုက်ဆံအရမ်းပေးရတော့ ကားသမားတွေက သူတို့ ကုန်ကျထားတဲ့အတိုင်း ပြန်တောင်းယူတော့ စျေးက တအားတက်သွားပြီလေ။ အဲ့ကြောင့် ကုန်စျေးနှုန်းတွေက အရင်ကထက် ၂ ဆလောက် ကွာသွားတယ်။ ဒီစစ်တပ်ဂိတ်တွေ များလာတဲ့အတွက် ပြည်သူတွေ ကြုံရတဲ့ အခက်အခဲပဲ” လို့ ပြောဆိုသည်။

ဒါ့အပြင် အခုလို စစ်တပ်ဂိတ်တွေ များလာတဲ့အတွက် သွားလာရေးပိုင်းတွေမှာလည်း ကန့်သတ်ခံရတာတွေ ရှိနေလို့ ယခင်ကလို လွတ်လွတ်လပ်လပ်သွားလာဖို့ အခက်အခဲဖြစ်ကြတယ်လို့ ၎င်းက ဆက်ပြောသည်။

“နောက်တစ်ခုက သွားလာရေး အရမ်းခက်သွားတယ်၊ ဘယ်လိုဖြစ်တာလဲဆိုတော့ ချီဖွေမှာ အရေးပေါ်လူနာတို့၊ မွေးလူနာတို့ ရှိလာရင်တောင် တစ်ခါထဲ ဆင်းသွားဖို့ မလွယ်တော့ဘူး။ ဆင်းသွားရင်တောင် ဂိတ်မှာ မဖြတ်ခိုင်းတာတို့ ပိုက်ဆံတောင်းတာတို့က အမြဲကြုံရတာတယ်။ သူတို့က ပြည်သူတွေကိုပဲ ဖိနှိပ်ပြီးတော့ တောင်းစားနေကြတာ” လို့ ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်ဂိတ်နဲ့ ပြည်သူ့စစ်ဂိတ် နေရာတွေမှာ ကုန်တင်ကား အကြီးအသေးပေါ် မူတည်ပြီး တောင်းခံနေရာမှာ ကုန်တင်ကားတစ်စီးကို အနည်းဆုံး မြန်မာကျပ်ငွေ ၁ သောင်း ကနေ ၆ သောင်းအထိ ပေးဆောင်နေရတယ်လို့ ဒေသခံကားသမားများထံမှ သိရသည်။

လက်ရှိငွေကြေးတောင်းခံနေသည့် စစ်ကောင်စီတပ်ဂိတ် နေရာများမှာ ဗလမင်းထင်တံတားဂိတ်၊ ဝါရှောင်အထက် ဆဒုံးလမ်းခွဂိတ်၊ မန်ခေါင်၊ မန်ဝိန်း၊ ရှမ်းကျော်၊ ရှငေါ်၊ ဒွမ်ဘန်ခ၊ ချီဖွေလျှပ်စစ်ရုံးအနီးရှိ စစ်ကောင်စီဂိတ်၊ ၅ မိုင်ဂိတ်နှင့် ချီဖွေမြို့အဝင်နားရှိ နယ်ခြားစောင့်တပ်ဂိတ် စသည်တို့ ပါဝင်တယ်လို့ ဒေသခံများထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီဂိတ်များထဲမှ မြစ်ကြီးနားအထွက် ဗလမင်းထင်တံတား စုပေါင်းဂိတ်၊ ဝါးရှောင်အထက် ဆဒုံးလမ်းခွဂိတ်နေရာ ချီဖွေမြို့အဝင်ဂိတ်နေရာတွေမှာ ငွေကြေးပေးဆောင်ရတာ အများဆုံးဖြစ်ပြီး ဂိတ်နေရာတခုမှာတင် ကျပ် ၅ သောင်းနဲ့ ၆ သောင်းကြားမှာ တောင်းခံနေကြတယ်လို့ ကုန်တင်ကားသမားတွေ ဆီက သိရသည်။

“ကျနော်တို့ ကားသမားတွေက တင်းတင်းကြပ်ကြပ်နဲ့တော့ သွားနေရတာပေါ့။ ဂိတ်တိုင်းက ငွေပေးမှသာ သွားလာလို့ ရတာလေ။ ဂိတ်တွေက အရမ်းများတာ၊ တောင်းတာက လက်နက်ကိုင်အဖွဲ့တွေ စုံတယ်။ သူတို့ ငွေတောင်းတာက ဆိုင်တဲ့ ဌာနတွေ၊ မဆိုင်တဲ့ ဌာနတွေ အကုန်ပေးနေရတာ၊ တခါတလေဆို ဆီဖိုးတောင် မကာမိဘူး။ ပုံမှန်တက်တိုင်း ၄ သိန်းလောက်တော့ ပေးရတယ်” လို့ ချီဖွေလမ်းပေါ်မှာ ပြေးဆွဲနေတဲ့ ကားသမားတစ်ယောက်က ပြောပါသည်။

ယင်းဂိတ်စခန်းများအပြင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က မန်ဒေါင်အနီးတဝိုက် ဂိတ်စခန်းချပြီး ကုန်တင်ကားတစ်စီးကို ကားအရွယ်အစားပေါ်မူတည်ပြီးတော့ တစ်နှစ်စာ ၂ သိန်းနဲ့ ၃ သိန်း ကြား ဖြတ်ပိုင်းဖြင့် ကောက်ခံတာတွေသာမက ချီဖွေသို့ ကားတက်တိုင်းလည်း ပေးဆောင်ရတယ်လို့ ၎င်းက ဆက်ပြောသည်။

ချီဖွေမြို့ပေါ်တွင် ဆန်တစ်အိတ်ကို ၂ သိန်း ဝန်းကျင်နဲ့ စားဆီ တစ်ပိဿာကို သောင်းဂဏန်းပေး ဝယ်ယူစားသုံး နေရပြီး၊ ယခင် ခရီးသည်တစ်ယောက်လျှင် မြစ်ကြီးနားမှ ချီဖွေကို ကျပ်တစ်သောင်းခွဲသာ စျေးရှိပေမယ့် လက်ရှိမှာ ၆ သောင်းအထိ ပေးစီးနေရတယ်လို့ ဒေသခံတွေက ပြောဆိုသည်။

ဒီအခြေအနေတွေကြောင့် ချီဖွေဒေသခံပြည်သူများက လုံခြုံရေးခေါင်းစဉ်နဲ့ ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီတပ်ဂိတ်တွေကို ဖျက်သိမ်းပေးဖို့နဲ့ စစ်ကောင်စီဂိတ်တွေမှာ ငွေကြေးတောင်းခံတာတွေ မလုပ်ဖို့ တောင်းဆိုနေကြသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here