ရေးမြို့နယ်အတွင်း အမျိုးသမီးများ ပစ်မှတ်ထားလုယက်ခံနေရ

0
232

စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့် မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း၌ အမျိုးသမီးများ ပစ်မှတ်ထား လုယက်ခံနေရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ရေးမြို့နယ်အတွင်း လုယက်ခံရမှုဖြစ်စဉ် ခပ်စိပ်စိပ် ဖြစ်ပွားလာနေကြောင်း အထူးသဖြင့် အမျိုးသမီးများကို ပစ်မှတ်ထား လုယက်နေသည်ဟု ရေးမြို့နယ်၊ လမိုင်းမြို့ခံတစ်ဦးက ပြောသည်။

“လွန်ခဲ့တဲ့ တစ်လလောက်ကလည်း ကော့ဒွတ်နဲ့ သောင်ပြင်သွားလမ်းမှာ ဆိုင်ကယ်လုပြီးတော့ အဓမ္မပြုကျင့်တဲ့ ဖြစ်စဉ် တစ်ခုလည်း ရှိခဲ့တယ်။ ပြီးတော့ ဒီလမိုင်းဘက်မှာ တစ်လအတွင်း အမျိုးသမီးလုယက်ခံရတဲ့ ဖြစ်စဉ်တွေ က ၃/၄ ကြိမ် လောက် ဖြစ်နေတာ” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့က ရေးမြို့နယ်၊ ကွင်းရှည်ကျေးရွာနှင့် ကျောက်မိချောင်းကျေးရွာ အကြားတွင် အမျိုးသမီးတစ်ဦးကို လူတစ်စုက သေနတ်ပြခြိမ်းခြောက်ပြီး ပါလာသည့် ငွေကျပ် ၁၀ သိန်းကို လုယူသွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

အလားတူ စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း ရေးမြို့တွင် ချေးငွေကုမ္ပဏီ ငွေသွင်းရန် ဆိုင်ကယ်ဖြင့် ထွက်လာသည့် အမျိုးသမီးတစ်ဦးကို ရေး-အစင်သွားလမ်းပိုင်းတွင် လူနှစ်ဦးက ပိုက်ဆံအိတ် လုယက်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

အမျိုးသမီးများ ဆိုင်ကယ်လုယက်ခံရမှု၊ ဆွဲကြိုးလုယက်ခံရမှု၊ ပိုက်ဆံအိတ် လုယက်ခံရမှုအပြင် လူကို သတ်ဖြတ်ပြီး ပစ္စည်းလုယက်တာ၊ လူကို နာကျင်ထိခိုက်အောင်ပြုလုပ်ပြီး ပစ္စည်းလုယက်တာတွေလည်း မကြာခဏ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် ရေးမြို့နယ်အတွင်း၌ သူခိုးများ အုပ်စုဖွဲ့ပြီး လုယက်တာ၊ ခိုးတာတွေကို လုပ်ဆောင်နေကြောင်း ရေးမြို့ခံတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ လေ့လာရသလောက်၊ ပြီးတော့ ပါသွားတဲ့ဆိုင်ကယ်တွေ လိုက်စုံစမ်းကြည့်ရသလောက်က သူတို့ (သူခိုး) တွေက အဲ့လိုနဲ့ပဲ လုပ်စားနေကြတာ။ သူတို့က အဖွဲ့နဲ့ လိုက်ခိုးတယ်။ အဖွဲ့နဲ့ လုယက်တာတွေ လုပ်နေတယ်” ဟု ၎င်းက ပြောဆိုသည်။

ရေးမြို့နယ်အပြင် မွန်ပြည်နယ်အတွင်းက မော်လမြိုင်နှင့် အခြားမြို့နယ်တို့တွင်လည်း အမျိုးသမီးများ လုယက်ခံရသည့် ဖြစ်စဉ် ဆက်တိုက်ဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။

မွန်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ခိုးမှု၊ လုယက်မှုနှင့် လူသတ်ပြီး ပစ္စည်းလုယက်သည့်ဖြစ်စဉ် အများစုတွင် ကျူးလွန်သူကို ဖမ်းဆီးနိုင်ခြင်း မရှိဘူးသလို သက်ဆိုင်ရာကို တိုင်ကြားသော်လည်း ထူးခြားမှု မရှိကြောင်းလည်း ဒေသခံများက ပြောသည်။

ရဲတပ်ဖွဲ့များအနေဖြင့်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သူခိုး၊ ဓားမြ၊ လူသတ်တရားခံများကို နှိမ်နင်း ဖမ်းဆီးရမည့်အစား စစ်ကောင်စီဆန့်ကျင်သူတွေကိုသာ ဖမ်ဆီးနှိမ်နင်းမှု ပြုလုပ်နေတာကြောင့် ဒုစရိုက်သမားများ ပိုမိုများပြားလာသည်ဟုလည်း ပြည်သူများအကြား ဝေဖန်ပြောဆိုနေကြသည်။

မွန်ပြည်နယ်အတွင်း၌ စစ်တပ်အာဏာသိမ်းပြီးနောက် ခိုးမှု၊ လုယက်မှုများ သိသိသာသာ များပြားလာကြောင်း မြို့ပေါ်တွင်သာမက ကျေးလက်ဒေသများမှာလည်း ခိုးမှု၊ လုယက်မှုတွေ ပိုမိုများပြားလာသည်ဟုလည်း ဒေသခံများထံမှ သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here