ဇင်းကျိုက်ရဲစခန်းက နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရ

0
207
ပုံစာ - ဇင်းကျိုက်တွင် နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရသည်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပန်းကုန်းကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းမတွင် ဩဂုတ်လ ၁၂ ရက်နေ့ ညနေပိုင်းက ဇင်းကျိုက်နယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇင်းကျိုက်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ထွန်းနိုင်လင်းဆိုသူသည် ဩဂုတ်လ ၁၂ ရက်နေ့ ညနေ ၄ နာရီ အချိန်ခန့်က ပန်းကုန်းကျေးရွာဘက်မှ ကတွန်ကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့် မောင်းနှင်သွားနေစဉ် သေနတ်သမားများက အနောက်ဘက်မှ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် နယ်ထိန်းရဲ ထွန်းနိုင်လင်းသည် အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု ၎င်းတို့က ပြောဆိုသည်။

ဒေသခံတစ်ဦးက “တပ်သားက ဆိုင်ကယ်နဲ့ ပန်းကုန်းကျေးရွာဘက်ကနေ ကတွန်ကျေးရွာဘက်ကို သွားနေတဲ့ အချိန်မှာ ပစ်ခတ်ခံရတာ။ ဘယ်သူက ပစ်သွားလဲတော့ မသိဘူး။ သေနတ်သံ လေးငါးခြောက်ချက်လောက် ကြားလိုက်ရတယ်” ဟု ပြောသည်။

ဇင်းကျိုက်နယ်မြေ ရဲစခန်းမှ အဆိုပါသေဆုံးသူ ရဲတပ်သားထွန်းနိုင်လင်းသည် ဇင်းကျိုက်မြို့ ပန်းကုန်း ကျေးရွာနှင့် ကတွန်ကျေးရွာအပိုင် နယ်ထိန်းတစ်ဦးဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

ရဲတပ်သားထွန်းနိုင်လင်းကို မည်သူက မည်သည့်အကြောင်းကြောင့် ပစ်သတ်ခဲ့သည်ကို သီးခြားအတည်ပြု နိုင်ခြင်းမရှိသေးပါ။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့ကလည်း ပေါင်မြို့နယ် ဥတ္တံတားကျေးရွာ ရန်‌ကုန်-မော်လမြိုင် ကားလမ်းဘေးရှိ စားသောက်ဆိုင်တစ်ခုတွင် ထိုင်နေသည့် နယ်ထိန်းရဲ စိုးဇော်အောင်နှင့် အရပ်သားတစ်ဦးလည်း ပစ်သတ် ခံခဲ့ရသည်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပေါင်မြို့နှင့် ဇင်းကျိုက်မြို့အကြား ရန်ကုန်-မော်လမြိုင် ကားလမ်းတလျှောက်တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ နောက်ပိုင်း ရဲတပ်ဖွဲ့ဝင် ၄ ဦး၊ ရာအိမ်မှူး ၁ ဦး နှင့် အရပ်သား ၃ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးထားကြောင်း ဒေသခံတို့၏ ပြောဆိုချက်များအရ သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here