အခွင့်အရေးကို တောင်းယူ၍မရ တိုက်ယူရမည်သာဖြစ်ကြောင်း KNLA စစ်ဦးစီးချုပ် တိုက်တွန်းပြောဆို

0
261
ပုံစာ - KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ (Photo – KIC)

ကရင်အမျိုးသားများ၏ အခွင့်အရေး ရပိုင်ခွင့်များကို တောင်းယူရမည် မဟုတ်ဘဲ တိုက်ယူရမည်သာဖြစ်ကြောင်း ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် “၇၃” နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့ အခမ်းအနားတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီက တိုက်တွန်းပြောဆိုသည်။

ကရင်အမျိုးသားများအတွက် အခွင့်အရေးရရှိရန် လက်နက်ကိုင် တိုက်ယူခြင်း နည်းလမ်းတစ်ခုတည်း မဟုတ်ဘဲ နည်းလမ်းပေါင်းစုံဖြင့် တိုက်ယူရမည် ဖြစ်သောကြောင့် ကရင်လူထုအားလုံးအနေဖြင့် ပူးပေါင်းပါဝင်လာကြရန် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ယခုလို တိုက်တွန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကိုယ့်ကရင်အခွင့်အရေးကို လက်ဖြန့်ပြီး သွားတောင်းလို့ မရဘူး။ တိုက်ယူမှ ရမယ်။ နည်းလမ်းပေါင်းစုံနဲ့ကို တိုက်ယူရမယ်။ ဒါကြောင့် ကိုယ့်အင်အားမရှိရင် ကိုယ့်ရန်သူက ကိုယ့်ကိုလေးစားမှာ မဟုတ်ဘူး။ တိုင်းပြည် တည်ဆောက်ရေးမှာ ကိုယ့်အသိနဲ့ကိုယ် ပါဝင်လာမှရမယ်။ ဘယ်သူ့မှ ကိုယ့်အခွင့်အရေးအတွက် လာလုပ်ပေးမှာ မဟုတ်ဘူး။ ကိုယ့်အခွင့်အရေးအတွက် ကိုယ်ပဲ လုပ်ယူရမည်” ဟု ၎င်းက အဆိုပါအခမ်းအနားတွင် တိုက်တွန်းပြောဆိုခဲ့သည်။

ထို့အပြင် တော်လှန်ရေးနှစ်ကြာပြီးဖြစ်သောကြောင့် အသက်စွန့် ပေးဆပ်သွားခဲ့ကြသည့် အာဇာနည်များ၏ ရည်မှန်းချက်ပန်းတိုင်ကို အမြန်ဆုံးရောက်ရှိရန်မှာ ကျန်ရှိနေသေးသည့်သူများ၏ တစ်ဦးချင်းတွင် ကျရာကဏ္ဍ အလိုက် တာဝန်ရှိ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးစောဂျော်နီက ဆက်လက်တိုက်တွန်း ပြောဆိုခဲ့သည်။

ပုံစာ – “၇၃” နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့အခမ်းအနား။ (Photo – KIC)

အခမ်းအနားသို့ တက်ရောက်လာသည့် ကရင်လူငယ်တစ်ဦးက “ကရင်ခေါင်းဆောင်တွေရဲ့မျှော်မှန်းချက်အတိုင်း လုပ်ဆောင်ဖို့ဆိုတာ လူငယ်က စရမှာပါ။ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုတဲ့အတိုင်း ကိုယ့်ခေါင်းဆောင်တွေ ချမှတ်ထားတဲ့လမ်းစဉ်အတိုင်း သေချာလိုက်မယ်ဆိုရင်တော့ မျှော်မှန်းချက်ကို ရောက်ကိုရောက်ရှိမှာပါ” ဟု အာဇာနည်နေ့နှင့် ပတ်သက်၍ ၎င်း၏ထင်မြင်ချက်ကို ပြောဆိုသည်။

ကေအဲန်ယူ တပ်မဟာ (၇) ထိန်းချုပ်နယ်မြေ ဖားအံခရိုင်အတွင်း ဩဂုတ်လ ၁၂ ရက်နေ့ မနက်ပိုင်းက ကျင်းပ ခဲ့သော ကရင့်အမျိုးသားအာဇာနည်နေ့ အခမ်းအနားကို KNLA စစ်ဦးစီးချုပ် အပါအဝင် ကေအဲန်ယူ ဒုဥက္ကဌ ပဒိုစောဆဲဂေ၊ ဖားအံခရိုင်ဥက္ကဌ ပဒိုစောအောင်မော်အေး၊ တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များနှင့် ရဲဘော်များ၊ တာဝန်ရှိသူများ၊ ကရင်အမျိုးသမီး၊ အမျိုးသားလူငယ်များ စုစုပေါင်း ပရိတ်သတ် ၁ ထောင် ဝန်းကျင် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် စစ်ရေးပြတပ်ဖွဲ့မှ စစ်ရေးပြခြင်း၊ အသက်ပေးသွားသော အာဇာနည်ခေါင်းဆောင်များနှင့်တကွ ရဲဘော်များသို့ ပန်းခွေချ အလေးပြု ငြိမ်သက်ခြင်း၊ ဝမ်းနည်းခြင်း အထိမ်းအမှတ်ဖြင့် ကရင့်အလံတော် တစ်ဝက် ဆွဲချစိုက်ထူခြင်း၊ အာဇာနည်များ၏ မိသားစုဝင်များအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း၊ KNU ဥက္ကဌမှ ပေးပို့လာသော မိန့်ခွန်းဖတ်ကြား၍ တက်ရောက်လာသော ခေါင်းဆောင်များမှ မိန့်ခွန်းနှင့် တိုက်တွန်းချက်များ ပြောကြားပြီးနောက် စစ်ရေးပြတပ်ဖွဲ့မှ ပြန်လည်ထွက်ခွာခြင်းဖြင့် အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here