လောင်းလုံးတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ် ဗိုလ် ၁ ဦး အပါအဝင် ၂ ဦး သေဆုံး

0
245
ပုံစာ - စစ်ကောင်စီဘက်က ဗိုလ်တစ်ဦး အပါအဝင် ၂ ဦး သေဆုံးခဲ့သည်။ (Photo-LLPDF)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ထဲတွင် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီ ဘက်က ဗိုလ်တစ်ဦး အပါအဝင် ၂ ဦး သေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က သြဂုတ် ၁၁ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုသည်။

ပြီးခဲ့သည့် သြဂုတ် ၈ ရက် ရှစ်လေးလုံး အထိမ်းအမှတ်နေ့တွင် ကျောက်နီမော်ကျေးရွာကနေ ကျောက်ဝပ်ပြင် ကျေးရွာသို့ ကား ၁ စီး၊ ဆိုင်ကယ် ၁ စီးဖြင့် လာသည့် တပ်အင်အား ၁၀ ဦး နီးပါးပါ စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့ကို LLPDF က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ယင်းသို့ကြားဖြတ်တိုက်ခိုက်မှုရာတွင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ နီးပါးကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ် ၁ ဦး၊ ပြည်သူ့စစ် ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း LLPDF တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

သေဆုံးသွားသည့် စစ်ဗိုလ်သည် လောင်းလုံးမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း အမှတ်(၄၁၀) တပ်ရင်းမှ ဗိုလ်ဝေမင်းသူဖြစ်ပြီး၊ ဒဏ်ရာရရှိခဲ့သည့် ပြည်သူ့စစ်ခေါင်းဆောင်အပါအဝင် ၃ ဦးသည် ဆေးကုသမှု ခံယူနေကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အဆိုပါဖြစ်စဉ်ပြီးနောက် တပ်အင်အား ၅၀ ကျော်ပါသည့် စစ်ကောင်စီတပ်ဟာ ကျောက်နီမော်ကျေးရွာထဲတွင် ဝင်ရောက်တပ်စွဲထားသည့်အတွက် ပြည်သူတွေအနေနှင့် မလိုအပ်ဘဲ ခရီးသွားလာမှုတွေ မပြုလုပ်ကြဖို့ LLPDF က မေတ္တာရပ်ခံထားသည်။

သံလွင်တိုင်းမ်ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here