သံဖြူဇရပ်မြို့နယ်တွင် အထောက်အထားမဲ့ ရိုဟင်ဂျာ ၁၄၅ ဦး ဖမ်းဆီးမိ

0
207
ပုံစာ - ဖမ်းဆီးမိသည့် အထောက်အထားမဲ့ ရိုဟင်ဂျာများ။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာအုပ်စု ရေး-သံဖြူဇရပ် ကားလမ်းပေါ်ရှိ ရွာသာယာကျေးရွာ အနီးတွင် အထောက်အထားမဲ့ ရိုဟင်ဂျာ ၁၄၅ ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

ရေးမြို့ဘက်မှ သံဖြူဇရပ်မြို့ဘက်သို့ မြေသယ်ယာဉ် ၄ စီးဖြင့် တင်ဆောင်လာသည့် ရိုဟင်ဂျာများကို သြဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ရွာသာယာကျေးရွာအနီးတွင် သက်ဆိုင်ရာက ရပ်တန့်စစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“သူတို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ဒုက္ခသည်စခန်းကနေ စက်လှေနဲ့ ထွက်လာတာလို့ စစ်ဆေးပေါ်ပေါက်တယ်။ သံဖြူဇရပ်မြို့နယ် သပြေချောင်းဝမှာ လှေကပ်ပြီးတော့ (မြေသယ်ယာဉ်) တွေနဲ့ ခေါ်ဆောင်လာချိန်မှာ ဖမ်းဆီး ရမိတယ်” ဟု ၎င်းက ဆက်ပြောသည်။

ဖမ်းဆီးမိသည့် ရိုဟင်ဂျာများတွင် ကျား ၁၂၇ ဦး၊ မ ၁၈ ဦး ပါဝင်ပြီး လက်ရှိတွင် သံဖြူဇရပ်မြို့၊ စက်သစ်ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းတွင် ယာယီထားရှိထား၍ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူ၏ ပြောဆိုမှုအရ သိရသည်။

ယင်းအပြင် အထောက်အထားမဲ့ ရိုဟင်ဂျာများကို တင်ဆောင်လာသည့် ယာဉ်ပိုင်ရှင်ကိုလည်း စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း ၎င်းက ဆိုသည်။

၂၀၂၃ ခုနှစ်အတွင်း မွန်ပြည်နယ် သံဖြူဇရပ်၊ မုဒုံ၊ မော်လမြိုင် အစရှိသည့် မြို့နယ်တို့တွင် အထောက်အထားမဲ့ ရိုဟင်ဂျာ ၅၀၀ ဦးထက် မနည်း ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ် အပါအဝင် နိုင်ငံတဝှမ်းတွင် အထောက်အထားမဲ့ ရိုဟင်ဂျာများ ဖမ်းဆီးခံရသည့် ဖြစ်စဉ် မကြာခဏ ဖြစ်ပွားလေ့ရှိသည့်အပြင် တချို့မှာ လမ်းတွင်ပင် တရားခံမပေါ်ဘဲ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များရှိကြောင်း သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here