ရေဖြူတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ဒေသခံ ၈ ဦး ကို ဖမ်းဆီးသွား

0
238
ပုံစာ - နဘုလယ်ဒေသတွင် စစ်ရှောင်ထွက်ပြေးနေရသူတချို့။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသတွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်က ဒေသခံ ၈ ဦးကို ဖမ်းဆီးသွားကြောင်းနှင့် ယင်းစစ်ကြောင်းကြောင့် ဒေသခံ ၃၀၀၀ ကျော်သည်လည်း ထွက်ပြေးတိမ်းရှောင် နေရသည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်လာတာကြောင့် ရေဖြူမြို့နယ်အတွင်းက ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိ၊ မူးဒူး၊ လဲရှောင်၊ ထိန်ကြီး၊ ပရဒတ် စသည့် ကျေးရွာတို့မှ ဒေသခံ ၃၀၀၀ ကျော်သည် နီးစပ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေကြရကြောင်း ဒေသခံရွာသားများက ပြောသည်။

“ဒီနေ့ (သြဂုတ် ၁၁ ရက်) ဆို ပြေးနေရတာ သုံးရက်ရှိပြီ။ သတင်းကြားကတည်းက ကျနော်တို့ ပြေးနေတာ” ဟု ခမောင်းချောင်းရွာသားတစ်ဦးက ပြောဆိုသည်။

နဘုလယ်ဒေသသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် ဩဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းက ထိန်ကြီးရွာသား ၄ ဦးနှင့် မူးဒူးရွာသား တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ထိန်ကြီးရွာသားတွေက ချောင်းထဲမှာ ငါးရှာနေတဲ့အချိန်မှာ ခေါ်သွားတယ်။ နောက် မူးဒူးရွာသားတစ်ဦးကိုလည်း အဲမနက်ပိုင်းမှာပဲ လမ်းမှာ ဖမ်းခေါ်သွားတာ” ဟု ၎င်းက ပြောဆိုသည်။

ဩဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီစစ်ကြောင်းသည် ဝက်ချောင်းရွာသို့ ရောက်ရှိလာပြီး ဝက်ချောင်းရွာက အမျိုးသမီး ၃ ဦးကို ထပ်မံဖမ်းဆီးသွားသည်ဟု ဒေသခံများက ဆိုသည်။

စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားသူများသည် သြဂုတ်လ ၁၁ ရက်နေ့အထိ ပြန်လွတ်လာခြင်း မရှိသေးကြောင်းနှင့် ၎င်းတို့ကို မည်သည့်နေရာတွင် ထားရှိသည်ကိုလည်း မသိရှိရကြောင်း ဒေသခံတို့က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည့် ရေဖြူမြို့နယ်အတွင်းသို့ စစ်ကြောင်း သုံးကြောင်းခွဲပြီး တရွာဝင်တရွာထွက် ဝင်ရောက်နေသည်ဟု ဒေသခံတို့၏ ပြောဆိုမှုအရ သိရသည်။

သြဂုတ် ၁၁ ရက်နေ့ နံနက်ပိုင်းအထိ ခမောင်းချောင်းရွာအနီးတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသည့်အသံ ကြားရကြောင်းနှင့် အသေးစိတ်အခြေအနေကိုတော့ မသိရှိရသေးကြောင်း ဒေသခံတို့က ပြောသည်။

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသကို ပြီးခဲ့သည့် ဇူလိုင်လဒုတိယပတ်ကစပြီး စစ်ကောင်စီစစ်ကြောင်းများ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် ဒေသတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့နှင့် စစ်ရေးတင်းမာနေသည်ဟု ဒေသခံများက ပြောဆိုသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here