စွန့်လွှတ်ပေးဆပ်ခဲ့သည့် ကရင့်အာဇာနည်များ၏ မျှော်လင့်ချက်အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းကြရန် KNU ဥက္ကဌ တိုက်တွန်း

0
251
ပုံစာ - KNU ဥက္ကဌ၏ “၇၃” နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့မိန်ခွန်း။

ကရင့်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းမှ ကရင်အမျိုးသားများအနေဖြင့် မိမိတို့ ကရင့်အာဇာနည်များ၏ စွန့်လွှတ်ပေးဆပ်မှု မျှော်လင့်ချက်နှင့် အဓိပ္ပါယ်များကို အကောင်အထည်ဖော်နိုင်ရေး စည်းလုံးညီညွှတ်စွာ ကြိုးပမ်းလုပ်ဆောင်ကြရန် တိုက်တွန်းပြောဆိုခဲ့သည်။

ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် “၇၃” နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့ မိန်ခွန်းတွင် KNU ဥက္ကဌက ကရင်အမျိုးသားများသည် မိမိတို့၏ ကရင့်အမျိုးသားအာဇာနည်နေ့အား အောက်မေ့သတိရခြင်းအနေဖြင့် ကျင်းပခြင်းရုံသာ မဟုတ်ဘဲ အာဇာနည်များ၏ စွန့်လွှတ်ပေးဆပ်ခဲ့ကြသည့် ရည်မှန်းချက်များ ပြီးမြောက်အောင်မြင်ရေး ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းကြောင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

အမျိုးသားရေးရည်မှန်းချက်အား စည်းလုံးညီညွှတ်မှုဖြင့် ကြိုးပမ်းတည်ဆောက်ရာတွင်လည်း မတူကွဲပြားမှုကို ဘေးဖယ်၍ ကရင့်အမျိုးသားအလံတော်အောက်တွင် ကျရာတာဝန်အတိုင်း လုပ်ဆောင်ရန်လိုအပ်သလို အပြစ်တင်ပြောဆိုမှုကို ရှောင်ရှား၍ အပြန်အလှန် အားနည်းချက် ရှာဖွေဖော်ထုတ်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက် ကြရမည်ဟုလည်း ဥက္ကဌက ထောက်ပြပြောဆိုသည်။

ထို့အတူ မိမိတို့ကရင်လူမျိုး တိုးတက်ရှင်သန်နိုင်ရေးသည် ပြည်တွင်းပြည်ပရှိ ကရင်လူမျိုး တစ်ဦးချင်းစီနှင့် အဖွဲ့အစည်းများ၏ လက်ဝယ်တွင် ရှိသည်ဖြစ်သလို ပြည်သူလူထုအကျိုးစီးပွားကို အဟန့်အတားဖြစ်စေသော အမျိုးသားရေး ရန်သူကို ခွဲခြားသိမြင်၍ အာဏာရှင်စနစ် အမြစ်ပြတ်ရန် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့်လည်း လက်တွဲလုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း အဆိုပါမိန့်ခွန်းတွင် ဖော်ပြပါရှိသည်။

ဆက်လက်ပြီး ကရင့်အမျိုးသားရေး တိုက်ပွဲဝင်နေကြသည့် လက်နက်ကိုင်တော်လှန်ရေးအစုအဖွဲ့များ အနေဖြင့်လည်း တစ်ဦးတစ်ဖွဲ့တည်း ရပ်တည်နိုင်ရုံသာ ကိုယ်ကျိုးရှာသူများ မဖြစ်စေရန် မိမိတို့၏လုပ်ရပ်နှင့် သက်ရောက်မှုများကို ပြန်လည်ဆန်းစစ်စေလိုကြောင်း၊ ကရင့်အမျိုးသား အသင်းအဖွဲ့များအနေဖြင့်လည်း KNU ၏ ဦးဆောင်မှုအောက်တွင် ပူးပေါင်းစုစည်းကြကာ တစ်ခုတည်းသော ရည်မှန်းချက်အတွက် စည်းလုံးစွာ ကြိုးပမ်းအားထုတ်ကြရမည်ဟူ၍လည်း KNU ဥက္ကဌ က မိန့်ခွန်းတွင် ထည့်သွင်းထောက်ပြထားသည်။

ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် “၇၃” နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့သို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုးသမီးအစည်းအရုံး-KWO နှင့် ကရင်လူငယ်များအစည်းအရုံး-KYO တို့မှလည်း ဂုဏ်ပြုသဝဏ်လွှာများ အသီးသီးပေးပို့ ဂုဏ်ပြုထားသည်။

ကရင့်အမျိူးသားခေါင်းဆောင်ကြီးများဖြစ်သည့် ကရင့်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဥက္ကဌ စောဘဦးကြီး၊ ဗိုလ်ချုပ်စောစိုင်းကေနှင့် အပေါင်းအပါများ တော်လှန်ရေးတာဝန် ထမ်းဆောင်နေစဉ်ကာလ နဘူးမြို့နယ်၊ ထို့ကော်ကိုးရွာတွင် ရန်သူတပ်များ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းခံခဲ့ရသဖြင့် ကျဆုံးခဲ့ရသည့် ၁၉၅၀ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့ကို ကရင့်အမျိုးသားအာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ကြရာ ကရင်တစ်မျိုးသားလုံးမှ နေရာဒေသ အသီးသီးတွင် ယနေ့အထိ ဂုဏ်ပြုကျင်းပလာခဲ့ကြခြင်း ဖြစ်သည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here