မြိုင်မြို့ရှိ စစ်ကောင်စီဂိတ်နှစ်ခု တိုက်ခိုက်ခံရ

0
313
ပုံစာ - မြိုင်မြို့ရှိ စစ်ကောင်စီဂိတ်နှစ်ခုကို ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တိုက်ခိုက်။ (Photo- မြိုင်/ပ.က.ဖ)

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်ကောင်စီဂိတ်နှစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ရှော့တိုက်ဒုံး အပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ မြိုင် (ပ.က.ဖ) က သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့က မြိုင်မြို့ပေါ်မှာရှိတဲ့ မန္တလေးဂိတ်နဲ့ ပခုက္ကူဂိတ်တွေကို ၈၀-မမ ရှော့တိုက်၊ ၁၂၀-မမ အဖူးတို့ အပါအဝင် အလုံး ၅၀ ကျော် အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ မြိုင် (ပ.က.ဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အညာဒေသ မဟာဗျူဟာကြီးကြပ်ရေးအဖွဲ့ (Anyar Region Strategic & Military Command) ရဲ့ လမ်းညွှန်ချက်နဲ့ ဗိုလ် Cross၊ ဗိုလ်လင်းယုန်အဖွဲ့တို့ ဦးဆောင်ပြီး တိုက်ခိုက်ခဲ့တာပါ။ မန္တလေးဂိတ်၊ ပခုက္ကူဂိတ် အတွင်းနဲ့ ဂိတ်အနီးပတ်ဝန်းကျင်မှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်” လို့ အဆိုပါတာဝန်ရှိသူက ပြောသည်။

ယင်းသို့ စစ်ကောင်စီဂိတ်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် (၃) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြောဆိုထားပေမယ့် သီးခြားအတည်မပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီဘက်က သူတို့ရဲ့ဂိတ်စခန်းတွေ တိုက်ခိုက်ခံခဲ့ရတဲ့အတွက် စက်လက်နက်၊ ၈၁-မမ နဲ့ ၆၀-မမ တွေကို အသုံးပြုပြီး ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ မြိုင် (ပ.က.ဖ) တာဝန်ရှိသူရဲ့ ပြောဆိုမှုအရ သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်လင်းမြွေ/ ခရိုင်တပ်ရင်း(၁၃)၊ MVP၊ မဟူရာအလင်းတန်း၊ ဇာမဏီ၊ M ဒေါင်းနီ၊ တုတ်ကြီးနဲ့ DMG တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ မြိုင် (ပ.က.ဖ) တာဝန်ရှိသူက ဆက်ပြောသည်။

ပြည်သူတွေကို အနိုင်ကျင့်နှိပ်စက်မှု လုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အညာဒေသ မဟာဗျူဟာ ကြီးကြပ်ရေးအဖွဲ့ ((Anyar Region Strategic & Military Command ) ရဲ့ လမ်းညွှန်ချက်နဲ့ အရှိန်အဟုန်မြှင့်တင် တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့လည်း မြိုင်(ပ.က.ဖ) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here