“ပြည်သူတွေကို အကောင်းဆုံးကာကွယ်နိုင်ဖို့နဲ့ တော်လှန်ရေးကြီး အမြန်ဆုံး ပြီးမြောက်နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ရဲဘော်တွေကို လက်နက်ခဲယမ်းအပြည့်အစုံတပ်ဆင်နိုင်ဖို့အတွက် ကြိုးစားနေပါတယ်။ လိုအပ်ချက်ကလည်း တော်တော်လေးကို များပါတယ်” ဦးနိုင်ထူးအောင် (အတွင်းဝန်၊ NUG ကာကွယ်ရေးဝန်ကြီးဌာန)

0
236

NUG ကာကွယ်‌ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်နှင့် အမေးအဖြေ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို လက်နက်တပ်ဆင်မှုတွေ အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒါကြောင့် NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လက်နက်တင်ဆင်ပေးမှု အခြေအနေ၊ လက်နက်တပ်ဆင်ပေးရာမှာ ဘယ်လိုမူဝါဒတွေ ချမှတ်ထားလဲ။ လက်နက် လိုအပ်ချက် မြင့်မားမှုကို ဘယ်လို ဖြည့်တင်းသွားဖို့ ဆောင်ရွက်နေလဲ။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ အရင်ဆုံး NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လက်နက်တင်ဆင်ပေးမှု အခြေအနေနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး။

ဖြေ။ လက်ရှိအချိန်အထိ NUG ကာကွယ်ရေး အသုံးစရိတ်က ဒေါ်လာသန်း၁၀၀ဝန်းကျင်လောက်ရှိပြီးတော့ ဒီထဲမှာမှ ၆၀ ရာခိုင်နှုန်းလောက်ကို လက်နက်ခဲယမ်းဝယ်ယူရေးနဲ့ ထုတ်လုပ်ရေးမှာ အသုံးပြုထားပါတယ်။ တပ်ရင်းတစ်ရင်းအတွက် လက်နက်အခြေခံတပ်ဆင်ဖို့အတွက်် လိုအပ်ချက်ကိုက ဒေါ်လာတစ်သန်းအထက် ရှိပါတယ်။ ဒီထဲမှာတော့ မဟာဗျူဟာမြောက် လက်နက်ကြီးတပ်ဆင်မှုနဲ့ တိုက်ပွဲဖြစ်ရင် ဖြစ်သလောက် ကုန်ကျတဲ့ ခဲယမ်းကုန်ကျစရိတ်တွေ မပါသေးပါဘူး။ လက်ရှိမှာ တပ်ရင်းပေါင်း ၃၀၀ကျော်ရှိပြီးတော့ ပကဖအဖွဲ့များလည်း ရှိပါသေးတယ်။ လက်နက်အခြေခံတပ်ဆင်ဖို့အတွက်ကိုပဲ ဘဏ္ဏာငွေပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ရှိပါသေးတယ်။ လက်ရှိ တော်လှန်ရေးတစ်ရပ်ဆင်နွဲနေတာနဲ့အညီ ရှိတဲ့ ဘတ်ဂျက်အနေအထားနဲ့ပဲ မဟာဗျူဟာမြောက် အကောင်းဆုံးတပ်ဆင်နိုင်ဖို့တော့ ကြိုးစားဆောင်ရွက်နေတာ ဖြစ်ပါတယ်။ လက်နက်အခြေခံလိုအပ်ချက်ဖြည့်ဆည်းနိုင်ဖို့ ကျွန်တော်တို့ ဆောင်ရွက်နိုင်တာက ငါးပုံတစ်ပုံ ၊ခြောက်ပုံတစ်ပုံ ဒီလောက်အတိုင်းအတာပဲ ရှိသေးတယ်လို့ ပြောလို့ရပါတယ်။

မေး။ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လက်နက်တပ်ဆင်တဲ့နေရာမှာရော ဘယ်လိုအဖွဲ့အစည်းတွေကို အဓိကတပ်ဆင်ပေးနေတာလဲ၊ ပြီးတော့ ဘယ်လို မူဝါဒတွေ ချမှတ်ထားပါသလဲ။

ဖြေ။ လက်နက်တပ်ဆင်ဖို့အတွက်က NUG (သို့မဟုတ်) မဟာမိတ်တွေရဲ့ Adjust of commend တစ်ခုခုအောက်မှာ ရှိတယ်။ CODE OF CONTENT လိုက်နာတဲ့ အဖွဲ့အစည်းတွေအတွက် လက်နက်တပ်ဆင်နိုင်ဖို့ ကြိုးပမ်းပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး။ နောက်တစ်ခုက လက်နက်တပ်ဆင်ပေးရာမှာ ခွဲခြားမှုတွေ ရှိနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောဆိုတာတွေ ကြားနေရပါတယ်။ ဒီအပေါ်မှာ ဘယ်လို သဘောထားပေးလိုပါသလဲ။

ဖြေ။ လက်ရှိအနေအထားကတော့ လိုအပ်ချက်နဲ့ တပ်ဆင်နိုင်မှုကို နှိုင်းယှဉ်ရင် တော်တော်ကြီး ကွာဟနေတဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ ရှိတဲ့အနေအထားနဲ့ မဟာဗျူဟာလိုအပ်ချက်အရ တပ်ဆင်ရတဲ့ ကိစ္စရပ်လေး ရှိလာတော့ ဒီလက်နက်တပ်ဆင်မှု မရရှိသေးတာ နည်းပါးသေးတဲ့ တပ်ရင်းတပ်ဖွဲ့တွက ဒီအပေါ်မှာတော့လည်း နားလည်မှု လွဲတာ ဖြစ်နိုင်ပါတယ်။ မဟာဗျူဟာအရ ရှိတာကို အညီအမျှခွဲပြီး တပ်ရင်းအားလုံး ပေးလိုက်ဆိုတာမျိုး လုပ်ဖို့က ခက်ခဲပါတယ်။တခါတလေမှာ လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ တပ်ရင်းတပ်ဖွဲ့အလိုက် စစ်ဆင်ရေးဆောင်ရွက်မှ အောင်မြင်နိုင်တာလည်း ရှိတယ်။ ဒီတော့ လက်နက်တပ်ဆင်မှုမှာ ထည့်သွင်းစဉ်းစားရတဲ့ အချက်တွေက အများကြီးရှိပြီးတော့ မြေပြင်မှာလည်း အခက်အခဲတွေ အများကြီးရှိတာဆိုတော့ ဒီအပေါ်မှာလည်း မမျှတဘူးဆိုပြီး နားလည်မှု လွဲတာတွေ ရှိနိုင်ပါတယ်။ ကျွန်တော်တို့က ကြိုးစားပြီးတော့ လက်နက်တပ်ဆင်မှုတွေကို အရှိန်မြှင့် ဆောင်ရွက်တဲ့အခါ ဒီလိုမြင်တဲ့ အမြင်တွေ လျော့ပါးသွားပါလိမ့်မယ်။ လက်နက်တပ်ဆင်နိုင်မှုတွေကို အခုထက်ပိုပြီး မြှင့်တင်လာနိုင်တဲ့ အခါကျရင်တော့ အဲ့လိုအမြင်တွေ ရှင်းသွားနိုင်ပါတယ်။ ဒါကိုလည်း နားလည်နိုင်အောင် ကျွန်တော်ရှင်းလင်းပြောကြားလိုပါတယ် ခင်ဗျ။

မေး။ နောက်ဆုံးအနေနဲ့ မြေပြင်မှာ လက်နက်ခဲယမ်းလိုအပ်ချက်က အရမ်းမြင့်မားနေတယ်၊ ပြီးတော့ ခဲယမ်းမလုံလောက်လို့ ရဲဘော်တချို့ ကျဆုံးတာတွေ ကြားနေရပါတယ်။ အဲဒီလိုဖြစ်ရပ်တွေ ထပ်မဖြစ်လာဖို့ NUG အနေနဲ့ ဘာတွေ ပြင်ဆင်နေပါသလဲ။

ဖြေ။ ကျွန်တော်တို့တွေလည်း ပြည်သူတွေကို အကောင်းဆုံးကာကွယ်နိုင်ဖို့နဲ့ တော်လှန်ရေးကြီး အမြန်ဆုံး ပြီးမြောက်နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ရဲဘော်တွေကို လက်နက်ခဲယမ်းအပြည့်အစုံတပ်ဆင်နိုင်ဖို့အတွက် ကြိုးစားနေပါတယ်။ လိုအပ်ချက်ကလည်း တော်တော်လေးကို များပါတယ်။ နောက် အရင်းအမြစ်ပိုင်း ဆိုင်ရာမှာလည်း အကန့်အသတ်တွေ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့က လက်နက်ခဲယမ်း ရရှိနိုင်တဲ့ အရင်းအမြစ်တွေကို တိုးမြှင့်နိုင်ဖို့ ထုတ်လုပ်နိုင်စွမ်းအားတွေ မြှင့်တင်ပြီးတော့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဖို့ကို နံပါတ်တစ်အနေနဲ့ ကြိုးစားနေပါတယ်။
နောက်တစ်ချက်က ရန်ပုံငွေ ရရှိမှုနဲ့ လက်နက် တပ်ဆင်မှုကလည်း အချိုးကျနေတာဖြစ်လို့ ရန်ပုံငွေတွေလည်း ပိုမို ရရှိနိုင်အောင် ဒါ့အပြင် ရရှိလာတဲ့ ရန်ပုံငွေတွေလည်း အလေအလွှင့်မရှိပဲနဲ့ ထိထိရောက်ရောက် အသုံးချနိုင်အောင် ဆောင်ရွက်နေပါတယ်ခင်ဗျ။

သံလွင်းတိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here