ရေဖြူမြို့နယ်အတွင်း အမျိုးသားတစ်ဦးအား စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်သတ်ခဲ့ဟုဆို

0
185

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ သစ်တိုထောင့်ကျေးရွာတွင် ဧပြီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီတပ်က အမျိုးသားတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရေဖြူမြို့နယ်၊ သစ်တိုထောင့်ကျေးရွာမှ အသက် ၃၀ နှစ်ဝန်းကျင်အရွယ်ရှိ ကိုကောင်းဝေယံဦး (ခ) သားကြီး ဆိုသူသည် ကားဖြင့် ထွက်လာစဥ် ရေဖြူမြို့ အနောက်ဘက်ကမ်းလမ်းဆုံတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ကိုကောင်းဝေယံဦး မောင်းလာတဲ့ ကားကို စစ်ကောင်စီတပ်သားတွေက ရပ်ခိုင်းတာ မရပ်ပဲ မောင်းထွက်သွားလို့ သေနတ်နဲ့ လှမ်းပစ်လိုက်တာလို့ သိရတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။

ကိုကောင်းဝေယံဦးသည် ယခင်က ရေဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ဖူးသူတစ်ဦးဖြစ်ကြောင်းနှင့် ယင်းအလုပ်မှ ထွက်ထားသူတစ်ဦးဖြစ်သည် သိရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်ကလည်း ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ သရက်ငုတ်ကျေးရွာအနီးရှိ PDF စစ်ဆေးရေးဂိတ်တွင် အစစ်ဆေးမခံပဲ မောင်းပြေးသည်ဟုဆိုကာ အိမ်စီးကားတစ်စီး ပစ်ခတ်ခံရပြီး ယာဉ်ပေါ်ပါလာသည့် အမျိုးသမီး ၂ ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့သေးသည်။

IMNA – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here