ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာနှစ်ခုမှ ဒေသခံ ၂၀ နီးပါး လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရ

0
242
ပုံဟောင်းဖြစ်သည်။

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၊ ဆိတ်ချောင်းနှင့် ညောင်ချောင်းကျေးရွာမှ ဒေသခံ ၂၀ နီးပါးကို စစ်ကောင်စီစစ်ကြောင်းက လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း ထားဝယ်အရှေ့တော PDF တာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါသည်။

ထားဝယ်မြို့နယ်မှ မေတ္တာမြို့ဘက်ကို တပ်ချိန်းရန်လာရောက်သည့် တပ်အင်အား ၂၀၀ ကျော်ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဧပြီ ၂၀ ရက်နေ့မှာ ၎င်းတို့ ချီတက်ရာ လမ်းတလျှောက်ရှိ ကျေးရွာများက ဒေသခံ ၂၀ နီးပါးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့တာဖြစ်သည်။

စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားသော ဒေသခံတွေဟာ ဆိတ်ချောင်းနှင့် ညောင်ချောင်းကျေး ရွာကဒေသခံများဖြစ်ကြောင်းလည်း သိရပါသည်။

တပ်ချိန်းရန်လာရောက်သည့် စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ဖို့ စီစဉ်ခဲ့သော်လည်း ဒေသခံပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ချီတက်လာခြင်းကြောင့် နောက်ဆုတ်ပေးခဲ့ရကြောင်း ထားဝယ် အရှေ့တော PDF တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားသော ဒေသခံများဟာ ကရင်တိုင်းရင်းသားတွေဖြစ်ပြီး အမျိုးသား၊ အမျိုးသမီးတွေနှင့် ကလေးသူငယ်တွေပါ ပါဝင်ခဲ့တာဖြစ်သည်။

လက်ရှိအချိန်အထိ ပြန်မလွတ်လာသေးကြောင်းလည်း သိရပါသည်။

ဒေသခံများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားသော စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့ နံနက်ပိုင်းမှာ ထားဝယ်မြို့နယ် ပကာရီဒေသခံ ၁၀ ဦးကို ဖမ်းဆီးစစ်ဆေးပြီးနောက် နေ့လည်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တာဖြစ်သည်။

ထားဝယ်မြို့နယ်ထဲမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ကြား မကြာခဏဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဟာ ကျေးရွာတွေထဲ လက် နက်ကြီးပစ်ခတ်ခြင်း၊ ဒေသခံတွေကို ပေါ်တာအဖြစ် ဖမ်းဆီးခြင်းနှင့် လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းတွေ ဆက်တိုက်ကျူးလွန်နေတာ ဖြစ်ပါသည်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here