ကချင်နှင့် ရှမ်းမြောက်တွင် စစ်ကောင်စီတပ်နှင့် KIA တိုက်ပွဲများ ဆက်တိုက်ဖြစ်နေ

0
244

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ကချင်ပြည်နယ်အတွင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများအပြင် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများ ရှိနေသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်ယားကျေးရွာအုပ်စုအတွင်း နှစ်ဖက် ကြား ပစ်ခတ်မှုများ ဧပြီလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဆက်ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် နမ့်ယားကျေးရွာအုပ်စုအတွင်းရှိ ဂတ်နွယ် (ပျားအုံ) ရွာ လမ်းခွဲတွင် စစ်ကောင်စီ၏ ကားကို KIA က ဧပြီလ ၁၈ ရက်နေ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့သည် ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“ဖားကန့်လမ်းပေါ့ နမ့်ယား အဲဒီဖက်မှာ စကစကတော့ သူက ယာဉ်တန်းနဲ့ လှုပ်ရှားတာကို ကျနော်တို့ မိုင်းခွဲတိုက်ခိုက် ဒီဖြစ်စဉ် တစ်ခုရှိပါတယ်” ဟုပြောသည်။

ထိုမိုင်းဆွဲ တိုက်ခိုက်မှု အတွင်း စစ်ကောင်စီတပ်က ၄ ဦးသေဆုံးခဲ့သည့်အပြင် အရာရှိတစ်ဦး အပါအဝင် အယောက် ၂၀ ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု KIO/KIA လက်အောက်ခံ The Kachin Net က လူမှုကွန်ရက် စာ မျက်နှာတွင် ကချင်ဘာသာနှင့် ရေးသားထားသည်။

ထို့အပြင် မိုင်းဆွဲတိုက်ခိုက်ခံရသည့် ကားပေါ်တွင် စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသည့် ဒေသခံများ ထိခိုက်သေဆုံးမှု ရှိခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။

၎င်းက “အဲဒီနန့်ယားဖက်မှာလည်း ပြည်သူလူထုတွေကို သူတို့ရဲ့ စစ်ကားတွေပေါ့ စစ်ကားထဲမှာ ပြည်သူလူထုတွေနေပြီးမှ လှုပ်ရှားလာတာ ဒါက လူထုကို လူသားဒိုင်း လုပ်တဲ့ ပုံစံမျိုးတွေပေါ့။ သေရင်လည်း သူတို့ ပြည်သူ လူထုပဲ သေပါစေဆိုပြီးမှ အဲဒါမျိုးတွေ လုပ်တာကတော့ တွေ့ပါတယ်။ ဒါက သူတို့ရဲ့ ရုတ်မာတဲ့ အကျင့်တွေ ပေါ့နော။ တကယ့် ရန်သူကိုပစ်တာ မဟုတ်ပဲနဲ့ ပြည်သူလူထုကို ပစ်တဲပုံစံမျိုးနဲ့ သူတို့က စစ်ဆင်ရေးတွေကို လုပ်တာကို တွေ့ရတယ်။ မနေ့ကတော့ ၈ နာရီ ၉ နာရီလောက်ဖြစ်လောက် ဖြစ်ပါတယ်။ ပြည်သူလူထုတွေပဲ တော်တော် ထိခိုက်သွားတယ်။ ဒီမနက်တောင်မှ အမျိုးသမီးတစ်ယောက် ကတော့ ဆေးရုံမှာ သေသွားတဲ့ဟာ တွေရှိပါတယ်။ ဒဏ်ရာရတဲ့ ပြည်သူလူထုပေါ့နော” ဟုပြောသည်။

စစ်ကောင်စီတပ်၏ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည့် ဒေသခံများထဲက အမျိုးသမီးတစ်ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖားကန့် ဒေသခံများက ပြောသည်။

ဖားကန့်တွင် စစ်ကောင်စီ၏ ကားကို KIO/KIA က မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အပြင် ဧပြီလ ၁၇ ရက်နေ့ကလည်း ဆယ်ဇင်းရှိ စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်မတော် SNA ပူပေါင်းတပ်စခန်းကို KIA က သွားရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့သည်ဟု KIO/KIA က ပြောသည်။

ဗိုလ်မှူးကြီး နော်ဘူက “တစ်နေ့ကတော့ ဆယ်ဇင်းဖက်မှာပေါ့နော။ စကစ နဲ့ SNA တွေရဲ့ စခန်းတွေကို ကျနော် တို့ KIA တပ်ရင်း ၂၆ က လာသိမ်းတဲ့ တိုက်ပွဲ တစ်ခုရှိပါတယ်။ အခု ၃ ရက်ရှိပါပြီ။ တပ်မဟာ ၉ နယ်မြေဖြစ်ပါ တယ်။ တပ်ရင်း ၂၆ နယ်မြေတွေဖြစ်ပါတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်နှင့် KIA တို့အကြား ကချင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် နည်းတူ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လာရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းကို KIA က သွားရောက် တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုနှင့် ပတ်သက်၍ ဗိုလ်မှူးကြီးနော်ဘူက ယခုကဲ့သို့ ပြောသည်။

၎င်းက “အနှောက်အယှက်ပေးတဲ့ ပုံစံလောက်ပဲ ဖြစ်မှာပါ။ သိပ်ပြီးမှ စစ်ဆင်ရေး ကြီးတွေတော့ မရှိဘူးခင် ဗျာ။ နည်းနည်းကြာပြီထင်တယ် လေးရက်လောက်ရှိပြီထင်တယ်။ ကွတ်ခိုင်ဖက်မှာ ကျနော်တို့ တပ်ရင်း ၈ နယ်မြေဖက်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ကချင်ပြည်နယ်ရှိ ဖားကန့်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့နယ်ထဲတွင် KIA နှင့် စစ်ကောင်စီတပ် တို့ အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း အခြားသော မြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ရေး အခြေအနေများ ငြိမ်သက်နေသည်ဟု KIO/KIA က ပြောသည်။

လက်ရှိ ကချင်ပြည်နယ်အတွင်းရှိ အခြားသော ဒေသများတွင် စစ်ရေး အခြေအနေ ငြိမ်သက်နေသော်လည်း ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုများကြောင့် နှစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်းများအကြား စစ်ရေးတင်မားနေပြီး တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာနိုင်သည်ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here