တိုက်ပွဲဖြစ်ပွားနေသည့် ထိုင်းနယ်စပ် မြဝတီမြို့နယ်အနီး စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်

0
202

ကရင်ပြည်နယ် မြဝတီခရိုင်ထဲက မဲကနယ်ကျေးရွာ အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ကရင်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်တပ်ဘက်က လေကြောင်းအသုံးပြုမှုများ ရှိနေသည့်အတွက် ဒေသခံများလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဧပြီလဆန်းကနေ ဧပြီလ ၂၀ ရက်နေ့အထိ တိုက်ပွဲများ ရပ်ခြားစီ ဖြစ်ပွားနေပြီး ယခုရက်ပိုင်း ဧပြီ ၁၈ ရက်နေ့ ၂၀ ရက်နေ့အထိ ၃ ရက်ဆက်တိုက် နှစ်ဖက်ပစ်ခတ်မှုများ ပြင်းပြင်းထန်ထန်ဆက်ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “မနက် ၆ နာရီ ၆ နာရီ ကျော်လောက်မှာဖြစ်မယ် တိုက်ပွဲစဖြစ်တာ ၉ နာရီအထိ ပစ်ကြခတ် ကြတယ်။ ၉ နာရီကျော်မှာတော့ လေယာဉ်ပျံလာတယ်။ လာပစ်တယ် ပစ်ပြီး ပြန်သွားတယ်” ဟု ပြောသည်။

ဧပြီလ ၂၀ ရက်နေ့တွင် စစ်ကောင်စီဘက်က လေကြောင်းမှ ပစ်ခတ်မှုများ ရှိခဲ့သည့်အပြင် ဗုံးကြဲသံများလည်း ကြားနေရသည်ဟု ဆိုသည်။

စစ်တပ်က လေကြောင်းပစ်ခတ်မှုများ ဆက်တိုက်လုပ်နေသည့်အတွက် အိမ်နီးချင်း ထိုင်းနိုင်ငံကလည်း နယ်စပ်တွင် တိုက်လေယာဉ်နှင့် စောင့်ကြည့်နေသည့် အနေအထားတွင် ရှိနေသည်ဟု ထိုင်း-မြန်မာ နယ်စပ်တွင် နေထိုင် ကြသည့် ဒေသခံများ က ပြောသည်။

မဲကနယ်ကျေးရွာအနီးရှိ ကျောက်မဲ၊ ကျောက်တောင်ဒေသတို့တွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

မဲကနယ်ကျေးရွာသည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ဒူးပလာယာခရိုင် အတွင်းရှိ ကျေးရွာဖြစ်သည်။

လေယာဉ် ပြန်သွားပြီးနောက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခြင်းမျိုး မရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီး များဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် တစ်ဖက်သတ်ပစ်ခတ်နေသည်ဟု အဆိုပါ မဲကနယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“လေယာဉ်ပြန်သွားပြီးတော့ စစ်တပ်က လက်နက်ကြီးတွေနဲ့ အခုအထိပစ်နေတုန်းပဲ။ နှစလုံးသုံးလုံး၊ ခနနားလိုက် ပြီးရင် နှစ်လုံးသုံးလုံး အဲလိုပဲတိုက်ပွဲမဖြစ်ပဲ ပစ်နေတာ ကျောက်မဲ ၊ ကျောက်တောင်ဖက်မှာ။”

အလားတူ မဲကနယ်ကျေးရွာတွင် ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့က စတင်ကာ စစ်ကောင်စီတပ်နှင့် ကရင်တော် လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင် စီတပ်က ဒေသခံများ၏ နေအိမ် အများအပြားကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဧပြီလ ၁၁ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် ရပ်တန့်သွားခြင်းမရှိ ယနေ့အထိ ကြိုကြားကြိုကြား ဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ဒေသခံတစ်ဦးက “၄ လပိုင်း ၁၁ ရက်နေ့ တိုက်ပွဲအကြီးအကျယ်ဖြစ်ပြီး အိမ်တွေ မီးလောင်တယ်။ တိုက်ပွဲက အခုအထိဖြစ်တယ်။ တိုက်ပွဲပြင်းပြင်ထန်ထန်ဖြစ်တာက ၁၁ ရက်နေ့ပေါ့ ၁၁ ရက်ပြီးတော့ ပစ်ခတ်မှုတွေက မှန်မှန်ဆက်ဖြစ်နေတာ တစ်ရက် နှစ်ရက်ပဲ နားပြီး မနေ့ကနဲ့ ဒီနေ့ ပြန်ပစ်ကြတယ်“ ဟု ပြောသည်။

မဲကနယ်ကျေးရွာ အနီးဝန်းကျင်က တိုက်ပွဲများကြောင့် ဒေသခံများသည် နီးစပ်ရာ အခြားကျေးရွာများနှင့် ဘေးလွတ်ရာဒေသများဆီ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အချို့က မဲကနယ် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေကြသည်။

အဆိုပါ စစ်ရှောင်များအတွက်လည်း နေထိုင်စားသောက်ရေးအပြင် အဖက်ဖက်က အကူအညီများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူများနှင့် ဒေသခံများက ပြောသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here