ထီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ပြီး စစ်ကြောင်းထိုးလာသဖြင့် ဒေသခံအရပ်သားပြည်သူ (၅၀၀၀) ကျော် ထွက်ပြေးနေရ

0
163

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ကို စစ်ကောင်စီက လေယာဉ်နဲ့ ပစ်ခတ်ခဲ့ပြီးနောက် မြေပြင်စစ်ကြောင်းထိုးလာလို့ ပြည်သူ (၅၀၀၀) ကျော်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ (၂၀) ရက်နေ့က လောင်းဘိုလေးရွာကို ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲပြီးနောက် ဒီနေ့မှာတော့ အင်အား (၁၅၀) ဝန်းကျင်ပါတဲ့စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းပြီး စစ်ကြောင်းထိုးလာတာပါ။

လက်ရှိအချိန်မှာတော့ လောင်းဘိုလေးရွာ၊အိုင်းမရွာ၊အကြည်ဝါဘင်းရွာ၊ဝါးဘိုးချောင်းရွာ၊ ပဇင်းချောင်းရွာ၊ ဇီးတောရွာနဲ့ ရွှေခုံတိုင်ရွာ အပါအဝင် ကျေးရွာ (၁၆) ရွာကပြည်သ (၅၀၀၀) ကျော် ထွက်ပြေးနေရတာဖြစ်ပါတယ်။

ပြည်သူတွေထွက်ပြေးနေရတဲ့ ကျေးရွာတွေထဲက ပုဏ္ဏားရွာနဲ့ ပဇင်းချောင်းရွာတွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးထားတယ်လို့ သိရပြီး ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။

“ ထီးလင်းမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။ အဲဒီစစ်ကြောင်းကမနေ့က ပဇင်းချောင်တစ်ရွာလုံးကိုပြာကျအောင် မီးရှို့ခဲ့ပြီး ခုလောင်းဘိုလေးရွာရဲ့ တောင်ဘက် နှစ်မိုင်အကွာအဝေးထိဖြန့်ကျက်ထားပါတယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းကြောင့် ပြည်သူတွေ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် စားနပ်ရိက္ခာနဲ့ သောက်သုံးရေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သူက ပြောပါ သေးတယ်။

မနေ့ ဧပြီလ (၂၀) ရက်နေ့ ကလည်း လောင်းဘိုလေးရွာ ပ.အ.ဖ ရုံးနဲ့ စစ်ရှောင်ဆေးခန်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသား (၂) ဦးနဲ့ အမျိုးသမီး (၁) ဦးသေဆုံးထားပြီး (၁၂) ဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မကွေးတိုင်းမှာ ပြည်သူ (၃၀၀) နီးပါး သေဆုံးထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှာ ဖော်ပြထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here