မြဝတီမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အကျအဆုံးများကြောင်း ကော်ဘရာစစ်ကြောင်း ထုတ်ပြန်

0
244

ကရင်ပြည်နယ် မြဝတီမြို့နယ် မဲကနယ်ရွာ၌ စစ်ကောင်စီတပ်နှင့် ကရင်လက်နက်ကိုင်ပူးပေါင်းတပ်တို့၏ ဧပြီ ၁၈ နှင့် ၁၉ ရက်၊ ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်က အကျအဆုံးများပြီး လက်နက်များလည်း သိမ်းဆည်းရမိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

ဧပြီ ၁၈ ရက်နေ့ညသန်းခေါင်ကျော်အချိန်တွင် မဲကနယ်ကျေးရွာအနီး ကျောက်မိုင်းဒေသ၌ စစ်ကောင်စီတပ်ဖက်မှ လက်နက်ကြီးပစ်ကူယူ၍ နံနက် (၅) နာရီခန့်တွင် စစ်ကြောင်းထိုးတက်လာရာမှ ရင်ဆိုင်တိုက် ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ (၄) ဦး သေဆုံးပြီးခဲ့ကြောင်း၊ ဧပြီ ၁၉ ရက် ယမန်နေ့ကလည်း ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖက်မှ (၂၀) ဦး သေဆုံးခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဖက်မှ ၂ ဦး ကျဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဘက်က အနည်းဆုံး ၂၀ကျော်အထိ ကျဆုံးခဲ့ပြီး ကော်ဘရာစစ်ကြောင်းက ၂ ဦးကျဆုံးခဲ့သည်ဟု ထောက်ပံ့ရေးရဲဘော်တစ်ဦးကလည်း နိရဉ္စရာကို ပြောသည်။

“မဲကနယ်တိုက်ပွဲ မှာ စစ်ကောင်စီဖက်က စုစုပေါင်း အယောက် ၂၀ ကျော်လောက်ကျသွားတယ်၊ ကိုယ့်ဖက်ကတော့ ၂ ယောက် ကျဆုံးပါတယ်။”

တိုက်ပွဲမှာ စစ်ကောင်စီတပ်၏ ခလရ (၂၇၅)၊ ခမရ (၃၅၅)၊ ခလရ (၁၀၂)၊ ခလရ (၂၀၇)၊ BGF (၁၀၁၉) တပ်ရင်းတို့ ဖြစ်ပွားနေခြင်းဟုဆိုသည်။

တော်လှန်ရေး အင်အားစုများဘက်က KNU/KNLA တပ်မဟာ ၆ ၊ ကော်ဘရာစစ်ကြောင်း ၂ ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ Golden Eagle နှင့် ရောင်နီ စသည့်ပူးပေါင်းတပ်ဖွဲ့များ ပါဝင်သည်။

ဧပြီ ၁၈ ရက် ညသန်းခေါင်ကျော် အချိန်ကစပြီး တိုက်ပွဲဖြစ်နေရာ လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

“ ရိက္ခာပို့နေရပါတယ် နေ့တိုင်း၊ ရှေ့တန်းကို ရိက္ခါတွေတောက်လျှောက်ပို့နေရပါတယ်။ လက်ရှိ အချိန်ထိ စစ်ရေးတင်းမာနေပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်ဖက်မှ လက်နက်ကြီးများနှင့် တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့သလို လေကြောင်းမှလည်း (၅) ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖက်မှ 40 mm (၁) လက်၊ အေကေ (၁) လက်၊ အမ်အေ 1 (၁)လက်၊ အမ်အေ 2 (၁) လက်၊ အမ်အေ 3 (၁) လက်၊ နာတိုပြောင်း (၁) ပြောင်း၊ 60 mm ကွန်မန်ဒိုပြောင်း (၁)ပြောင်း၊ 60 mm ပြောင်းရှည် (၁) ပြောင်း၊ နာတိုကျည် (၅၂၀) တောင့်၊ နာတိုကျည်ကြိုး (၁၂) ကြိုး၊ ကပစကျည် (၁၅၀၀) တောင့်၊ အေကေကျည် (၁၄၀) တောင့်၊ 60 mm (၂၃) လုံး၊ အီနာဂါ (၁၈)လုံး၊ အီနာဂါပို့ကျည် (၂၀) တောင့်၊ 40 mm (၃၉) လုံး၊ အမ်အေကျည်ဘောက် (၁၉) ဘောက်၊ အေကေကျည်ဘောက် (၁) ဘောက်၊ နင်းမိုင်း (၇) လုံး၊ လက်ပစ်ဗုံး (၂) လုံး တို့ သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

မြဝတီမြို့နယ်ထဲ၌ စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့် BGF ပူးပေါင်းတပ်တို့နှင့် ကရင်လက်နက်ကိုင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့ကတည်းက တိုက်ပွဲများဖြစ်ပွားနေရာ ယနေ့အထိ တောက်လျှောက်ဖြစ်ပွားနေခြင်းဖြစ်သည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here