ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့် ဒေသခံပြည်သူ နှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရ

0
172

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်သို့ စစ်ကောင်စီတပ်များမှ ယနေ့ (ဧပြီလ) ၁၉ ရက်နေ့ နံနက် ၆ နာရီခန့်က စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့ကာ PDF ဘက်က ၅ ဦးကျဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောသည်။

PDF ရဲဘော် ၅ ဦး ကျဆုံးသည့်အပြင် ဒေသခံ ၅ ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ကြောင်း၊ ကျေးရွာရှိနေအိမ်များ မီးရှို့ခံခဲ့ရကြောင်း စစ်ဘေးရှောင်နေသူတစ်ဦးက ပြောသည်။

“မနက်က အနောက်ခြမ်း ရွာသစ်ကုန်းရွာကို ရောက်တယ်ကြားတော့ ရုတ်ရုတ်ဖြစ်တာပေါ့။ ဘေးလွတ်ရာ တိမ်းရှောင်ကြရတာပေါ့” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ၏ စစ်ကြောင်းသည် အင်အား ၁၀၀ ခန့်ဖြင့် ခင်ဦးနယ် အနောက်ခြမ်း ရွာသစ်ကုန်းမှ မြင်းဒေါင်းကျေးရွာ အရှေ့ဘက် မူးတိမ်ချောင်းတံတားမှ အဖွဲ့နှင့် ပူးပေါင်းပြီး မြကန်သာကျေးရွာဘက် သို့ လက်နက်ကြီး/ ငယ်များဖြင့် ပစ်ခတ်ကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများပြုလုပ်ပြီးနောက် ကျေးရွာများကိုလည်း မီးရှို့ဖျက်စီးမှုများရှိကြောင်း ဒေသခံများမှ တစ်ဆင့် သိရှိရသည်။

ခင်ဦးမြို့နယ် အနောက်တောင်ခြမ်းရှိ အင်းပတ်၊ မြကန်၊ ကုန်းသာ၊ မရမ်းအင်း၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ သဲကုန်းကြီး၊ မုံတော၊ ဒါန်းကုန်း၊ အောင်သာ၊ အင်းပေါက်၊ ကျွန်းဆွယ်၊ ကျွန်းလယ်၊ သိမ်တော်၊ ကြာပင် တို့က ဒေသခံ ၂ သောင်းကျော်ခန့်သည် ကြောက်လန့်စိုးရိမ်ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

“ကလေးတွေလဲပါတယ်လေ။ မနက်အစောကတည်းကဆိုတော့ အစာစားဖို့မပြောနဲ့ အသက်ဘေးလွှတ်အောင်ကို မနည်းပြေးလွှားနေရတာ” ဟု မြကန်သာမှ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့များမှလည်း စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှုများပြုလုပ်ပြီး ပြန်လည်ဆုတ်ခွာချိန်တွင် ပိတ်မိသွားကာ ရဲဘော် ၅ ဦး ကျဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပြောဆိုထားသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here