မြိုင်မြို့နယ် မန်ကျည်းကန်ရွာအား စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီး

0
215

မကွေးတိုင်း၊ မြိုင်မြို့နယ် မန်ကျည်းကန်ရွာကို စစ်ကောင်စီက လေကြောင်းနဲ့ နှစ်ရက်ဆက်တိုက် ပစ်ခတ်ပြီးနောက် မြေပြင်စစ်ကြောင်းကလည်း ကျေးရွာကို မီးရှို့သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ (၁၈) ရက်နေ့နဲ့ ဒီနေ့ ဧပြီလ (၁၉) ရက် နေ့လည်ပိုင်းတွေမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒေသခံတချို့ကိုလည်း ဓားစာခံအဖြစ်ဖမ်းဆီးခံထားရတယ်လို့ ဆိုခဲ့တာပါ။

“ မနေ့က ဆေးရုံကို ဝင်စီးတာ။ ပျူစောထီးနဲ့ စစ်သားတွေကိုလည်း Mi17 နဲ့ လာချသွားတယ်။ လေကြောင်းကနေလည်း ပစ်တယ်။ ရွာကိုလည်းမီးရှို့နေတယ်။ မပြေးနိုင်တဲ့ လူနာတွေနဲ့ လူနာစောင့်တချို့ ကိုဓားစာခံအဖြစ် ဖမ်းဆီးထားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက မန်ကျည်းကန်ကျေးရွာကို Mi-35 နဲ့ ပစ်ခတ်ပြီး Mi-17 နဲ့ စစ်ကောင်စီတပ်သားတွေကို ချသွားကာ ဆေးရုံအပါအဝင် လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကြောင်းဟာ ရွာကပြန်ထွက်သွားပြီး မြေပြင်အခြေအနေတည်ငြိမ်မှု မရှိသေးတာကြောင့် ပျက်စီးဆုံးရှုံးမှုနဲ့ လူထိခိုက်သေဆုံးမှုကိုတော့ အသေးစိတ်မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မကွေးတိုင်း ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ပြုလုပ်နေတာဖြစ်သလို မြိုင်မြို့နယ်နဲ့ ကျောက်ထုမြို့နယ်တွေကို လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ ကလေးငယ် (၄ဝ) အပါအဝင် စုစုပေါင်း (၁၆၈) ဦး သေဆုံးခဲ့ရတဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်း ပစ်ခတ်မှုကို နိုင်ငံတကာက ဝေဖန်ထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here