“ဗုံးခိုကျင်းတွေ တူးပြီး လေယာဥ်သံကြားပြီဆိုတာနဲ့ ဗုံးခိုကျင်းတွေထဲ သွားရောက်ပုန်းအောင်းကြဖို့က အရေးကြီးပါတယ်။ စစ်တပ်က ငါတို့ကို ဘာမှမလုပ်လောက်ပါဘူးလေလို့ ထင်ရင် မှားပါလိမ့်မယ်” ဦးနေဘုန်းလတ် (NUG ပြောခွင့်ရသူ)

0
303

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ပြောခွင့်ရသူ ဦးနေဘုန်းလတ်နှင့် အမေးအဖြေ

ပြီးခဲ့သည့် ဧပြီလ (၁၁) ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် စစ်ကောင်စီ၏ လေကြောင်းဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီးနှင့်ကလေးသူငယ်များအပါအဝင် သေဆုံးသူစုစုပေါင်း (၁၆၃) ယောက်ရှိနေပြီး ဒေသခံ (၃၀၀) ကျော်စစ်ဘေးတိမ်းရှောင်နေရကြောင်း ဧပြီလ (၁၆) ရက်နေ့တွင် NUG က အသေးစိတ် ထုတ်ပြန်ကြေညာထားသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ NUG ၏ လုပ်ဆောင်ချက်၊ စစ်ကောင်စီ၏လုပ်ရပ်အပေါ် အမြင်သဘောထားနှင့် ပြည်သူများသို့ သတိပေးပြောကြားလိုသော အကြောင်းအရာများအား NUG ပြောခွင့်ရ ဦးနေဘန်းလတ်နှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကို NUG အနေနဲ့ ဘယ်လိုသိရှိသုံးသပ်ပါသလဲရှင့်။

ဖြေ။ NUG ရဲ့ထုတ်ပြန်ချက်ထဲကအတိုင်းပဲ ရပ်ရွာလူထုစုဝေးနေတဲ့အချိန်ပေါ့နော်။ အလှူအတန်းသဘောမျိုးလည်း ဖြစ်မယ်ထင်တယ်။ သေချာတာကတော့ အရပ်သားပြည်သူတွေစုဝေးနေတဲ့အချိန်ပေါ့လေ။ အဲဒီတော့ စစ်ကောင်စီဘက်ကလည်း လူထုစုဝေးနေတဲ့နေရာကို တစ်နည်းနည်းနဲ့သတင်းရလို့ လာကျဲတယ်လို့သုံးသပ်ပါတယ်။

မေး။ လက်ရှိမှာ ပဇီကြီးရွာက ဒဏ်ရာရ အသက်ရှင်ကျန်ရစ်သူတွေအတွက် ဘာတွေ ကူညီထောက်ပံ့ဆောင်ရွက်ပေးနေပါသလဲ။

ဖြေ။ NUG အနေနဲ့ကတော့ ဒီကိစ္စဖြစ်ပြီးကတည်းက ကျန်းမာရေးဝန်ကြီးဌာနဆိုလည်း ကျန်းမာရေးစောင့်ရှောက်မှုအစုအဖွဲ့တွေလွှတ်ပြီးတော့ အလောင်းကောက်တာ၊ သဂြိုလ်တာ၊ ဒဏ်ရာရတဲ့သူတွေကို ကုသပေးတာတွေကို တောက်လျှောက်လုပ်ဆောင်နေပြီး အခြားကျန်ရစ်တဲ့မိသားစုတွေကိုလည်းပဲ ဘေးအန္တရာယ်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေနဲ့ လိုအပ်တဲ့အကူအညီအထောက်အပံ့တွေတောက်လျှောက်ပေးနေပါတယ်။

မေး။ လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာက NUG ရဲ့ရုံးဖွင့်ပွဲလုပ်တဲ့နေရာဖြစ်တယ်လို့ စစ်ကောင်စီဘက်က သတင်းတွေထုတ်ပြန်တာတွေ့ရတယ်။ ဒီသတင်းကမှန်ကန်မှုရှိပါသလား။ ဒီအတွက်ကြောင့် NUG ကိုလည်း ဝေဖန်သံတွေထွက်ပေါ်နေတာနဲ့ပတ်သက်လို့ ဘာများပြောချင်ပါသလဲရှင့်။

ဖြေ။ အခုကိစ္စမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ကျူးလွန်တဲ့သူတွေထက် သေဆုံးသွားတဲ့သူတွေက ဘာကြောင့်လူစုရသလဲဆိုပြီး Victim Blaming ပုံစံမျိုး ဖြစ်စေချင်ဘူး။ ရပ်ရွာပြည်သူလူထုတွေ ဘယ်လိုနည်းနဲ့ပဲစုစုလေ သေချာတာကတော့ ပြည်သူတွေ အမျိုးသမီးတွေ ကလေးသူငယ်တွေ စုဝေးနေတဲ့နေရာမှာ သိသိရက်နဲ့ရည်ရွယ်ချက်ရှိရှိ အစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့ကိစ္စ ဖြစ်တယ်။ ဒါဟာ အရပ်သားပြည်သူတွေဖြစ်တယ် စစ်ရေးပစ်မှတ်မဟုတ်ဘူး၊ လေ့ကျင့်ရေးကွင်းလုပ်နေတာလည်း မဟုတ်ဘူး။ PDF တွေလည်းမဟုတ်ဘူး။ ဒါကိုတမင်ရည်ရွယ်ပြီး စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်ပါတယ်။

မေး။ စစ်ကောင်စီက ဘာဖြစ်လို့ အရပ်သားပြည်သူတွေကို ဒီလို ရက်ရက်စက်စက်လုပ်ရတာလဲလို့ ယူဆပါသလဲရှင့်။

ဖြေ။ ပြည်သူတွေက တော်လှန်ရေးဘက်မှာပါဝင်နေတာကို စစ်ကောင်စီက သိတဲ့အတွက်ကြောင့်မို့လို့ တော်လှန်ရေးမှာပါဝင်နေရင် ဒီလိုဖြစ်မယ်ဆိုပြီး ကြောက်စိတ်ဝင်အောင်လို့ ပစ်မှတ်ထားတိုက်ခိုက်ပြတာပါ။ ရှေ့မှာလည်း တောက်လျှောက် စစ်ကောင်စီက ဘုန်းကြီးလည်းမရှောင်၊ ကလေးလည်းမရှောင် အမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းတွေလည်းမရှောင် တော်လှန်ရေးမှာပူးပေါင်းပါဝင်နေတယ်လို့ ယူဆတာနဲ့ ရက်ရက်စက်စက်သတ်ဖြတ်တာမျိုး လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ အဓိကကတော့ ပြည်သူတွေကြားထဲမှာ အကြောက်တရားဝင်အောင် ပြည်သူနဲ့တော်လှန်ရေးကို အဆက်ဖြတ်ချင်တယ်လို့ကျနော်တို့ကတော့ ယူဆပါတယ်။
နောက်တစ်ခုကတော့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရေအရယှဥ်ပြိုင်တိုက်ခိုက်နိုင်စွမ်း မရှိတဲ့အခါမှာ သူတို့ကိုဘာမှမတုံ့ပြန်မတိုက်ခိုက်နိုင်တဲ့ပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်လာတဲ့သဘောရှိပါတယ်။ အင်မတန်မှသရဲဘောကြောင်တဲ့လုပ်ရပ်လို့လည်း ပြောလို့ရပါတယ်။ ဒီလိုတွေလုပ်ဆောင်နေခြင်းက စစ်အုပ်စုက စစ်ရေးအရရှုံးနိမ့်နေတယ်။ ဘယ်လိုမှယှဥ်ပြိုုင်နိုင်စွမ်းမရှိဘူးဆိုတာကို သက်သေပြနေတာလည်း ဖြစ်ပါတယ်။

မေး။ ယခုနောက်ပိုင်း စစ်ကောင်စီရဲ့ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေများပြားလာတဲ့နောက် ပြည်သူတွေကို NUG အနေနဲ့ရော ပြောချင်တာရှိပါသလားရှင့်။

ဖြေ။ ပြည်သူတွေအနေနဲ့ကတော့ မပေါ့လျော့ဖို့ လိုတာပေါ့နော်။ အထူးသဖြင့် စစ်အုပ်စုက လေကြောင်းကနေ အချိန်မရွေးပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်နိုင်တဲ့အတွက်ကြောင့်မို့လို့ လေကြောင်းသတိပေးရေးစနစ်တွေ ကမ္ဘာ့အဆင့်မီ သတိပေးမှုလိုမျိုးကိစ္စတွေ မလုပ်နိုင်ဘူးဆိုရင်တောင်မှ တခြားတနည်းနည်းနဲ့ပေါ့နော်၊ ဘယ်လိုပုံစံမျိုးနဲ့သတိပေးတာတွေလုပ်နိုင်မလဲ၊ ပြီးရင် အဓိကက သတိအမြဲမပြတ်ဖို့ ပေါ့နော်။ ဗုံးခိုကျင်းတွေ တူးပြီး လေယာဥ်သံကြားပြီဆိုတာနဲ့ ဗုံးခိုကျင်းတွေထဲ သွားရောက်ပုန်းအောင်းကြဖို့က အရေးကြီးပါတယ်။ စစ်တပ်က ငါတို့ကို ဘာမှမလုပ်လောက်ပါဘူးလေလို့ ထင်ရင် မှားပါလိမ့်မယ်။ စစ်တပ်ကတော့ ထွက်ပေါက်ပိတ်နေတဲ့သဘောရှိတော့ မဲမဲမြင်ရာ ရန်ရှာနေလေတော့ ပြည်သူတွေလည်း ကိုယ့်ကို အချိန်မရွေး ရန်ရှာ၊သတ်ဖြတ်နိုင်တယ်ဆိုတာကို ခေါင်းထဲမှာမြဲမြဲထည့်ထားပြီးတော့ သတိမပြတ်ဖို့ လိုပါတယ်။

နန့်ဆန်းထီ (KIC) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here