ကော့သောင်းမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ထိုင်းဘက်ခြမ်းကို ဒေသခံရာနှင့်ချီ ထွက်ပြေးနေရ

0
165

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်၊ ဆိပ်ဖူးကျေးရွာမှာ စစ်ကောင်စီသြဇာခံပြည်သူ့စစ်အဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်တို့ကြားမှာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထိုင်ဘက်ခြမ်းကို ဒေသခံရာနှီချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း တနင်္သာရီ (ပကဖ) တာဝန်ရှိသူများထံမှ သိရပါသည်။

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်နေ့ ညနေပိုင်းက ဆိပ်ဖူးကျေးရွာနေ ပြည်သူ့စစ်ခေါင်းဆောင်ကျော်ဝင်းနှင့် ဒုခေါင်းဆောင် မြင့်အောင်တို့ကို တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က နေအိမ်တွင် ဝင်ရောက်ပစ်ခတ်ရှင်း လင်းရာကနေ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပါသည်။

အဆိုပါပစ်ခတ်မှုတွင် ဆိပ်ဖူးကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် ၂ ဦး သေဆုံးခဲ့ပြီး ၎င်းတို့ကိုင်ဆောင်သည့် AK 47 သေနတ် နှစ်လက်၊ AK ကျည် ၁၁၉ တောင့်၊ ပစ္စတို ၁ လက်၊ ကျည်ကာ ၄ ထည်၊ ယူနီဖောင်း ၂ စုံ၊ ဆုံလည် ဂက်(စ်) သေနတ် တစ်လက်၊ ကျည်ဘောက် ၅ ခုနှင့် ဓားများကိုလည်း သိမ်းဆည်းရမိခဲ့တယ်ဟု ထုတ်ပြန်ထားပါသည်။

ပစ်ခတ်မှုကြောင့် ဆိတ်ဖူးကျေးရွာ ဒေသခံရာနှင့်ချီ ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေရပြီး အရေအတွက် အတိအကျ မသိရသေးကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီဘက်မှာကျတော့ ပျူတွေနဲ့ စခတွေနဲ့ ပေါင်းပြီးတော့ သူတို့လုပ်ခဲ့တဲ့ဟာတွေရှိတယ်။ အဲဒီမှာ သေဆုံးမှုတွေရှိတယ်ပေါ့ဗျာ။ အဲဒါကြောင့်သွားရှင်းတဲ့သဘောပါပဲ။ အဲဒါတော့ ကြားတော့ကြားတယ်။ လူဦးရေ အတိကျကိုတော့ အတည်မပြုနိုင်ဘူး။ တကယ်လို့ ထိုင်းဘက်ကိုထွက်တယ်ဆိုလို့ရှိရင်တော့ ထိုင်းဘက်က တော့ ယာယီလက်ခံထားတာမျိုးပဲရှိမယ်။ တိုက်ပွဲတွေမရှိတော့ဘူး။ အခြေအနေငြိမ်သက်သွားပြီ ဆိုရင်တော့ သူတို့က ပြန်လာကြတာများတယ်။ အရင်တစ်ခါကလည်း အဲဒီလိုဖြစ်ဖူးတယ်ပေါ့နော် နယ်စပ်ဘက်မှာ” ဟု ဆိုသည်။

နှစ်ဖက်ပစ်ခတ်မှုကြောင့် ဆိတ်ဖူးကျေးရွာ ဒေသခံများအနေနဲ့ လှေနဲ့ကူးပြီး ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ကာ ဧပြီ ၁၇ ရက်နေ့အထိ နေရပ်ပြန်မလာရသေးကြောင်းလည်း သိရပါသည်။

ပြီးခဲ့သည့် မတ်လတွင်လည်း ကော့သောင်းမြို့နယ် ဝိုင်ဒင်းကျေးရွာတိုက်ပွဲကြောင့် ဒေသခံ ၅၀၀ ကျော်ဟာ ထိုင်းဘက်ခြမ်းကို ယာယီထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါသည်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here