လွိုင်ကော်အရှေ့ဖက်ခြမ်းစစ်ရှောင်စခန်းများအား စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

0
128
၂၀၂၃၊ ဧပြီ ၁၆ ရက် - လွိုင်ကော်အရှေ့ခြမ်း စစ်ရှောင်တစ်နေရာမှာ စစ်ကောင်စီ လေကြောင်းကနေ ကြဲချတဲ့လက်နက်။ ဓါတ်ပုံ - KnIC

ကရင်နီပြည် လွိုင်ကော်အရှေ့ဖက်ခြမ်းမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့ (သင်္ကြန်အတက်နေ့) မနက် ၂ နာရီအချိန် စစ်ကောင်စီက လေကြောင်းနဲ့ ဗုံး ၄ လုံး ကြဲချခဲ့တယ်လို့ သိရပါတယ်။

စစ်ရှောင်စခန်းအနီးကို လာရောက်ကြဲချခဲ့တာဖြစ်ပြီး အဲဒီထဲက သုံးလုံးပေါက်ကွဲခဲ့ပေမယ့် လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

“ဒီမနက် ၂ နာရီက လေယာဉ်နဲ့ လာကြဲတဲ့ဟာရှိတယ်။ လေးလုံးလို့ပြောတယ်။ တစ်လုံးက မပေါက်ကွဲဘူး။ သုံးလုံးကတော့ ပေါက်ကွဲတာပေါ့။ တိုက်ပွဲမဖြစ်ပါဘူး။ ဒီလိုပဲ စစ်ရှောင်ခိုနားနေတဲ့နေရာကို စစ်ရှောင်စခန်းတွေပဲ သူတို့လာကြဲသွားတာ စစ်ရှောင်စခန်းလို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့မှာ တစ်ကြောက စစ်ရှောင်စခန်းတွေပဲ တောက်လျှောက်ရှိတယ်“ လို့ စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ဧပြီလ ၁၅ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်လာတာတွေလည်းရှိခဲ့ပြီး အဖေနဲ့ သမီးတို့ နှစ်ဦး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးက ဆက်ပြောပြပါတယ်။

စစ်ရှောင်စခန်းအနီး ကို လက်နက်ကြီးနှစ်လုံးနဲ့ ပစ်ခတ်လာတာဖြစ်ပြီး နှစ်ဆင့်ကွဲ လက်နက်အမျိုးအစားဖြစ်တယ်လို့ဆိုပါတယ်။

“သူ့သမီးကတော့ စိုးရိမ်ရတဲ့ အဆင့်လောက်တော့ရှိတာပေါ့။ သူ့အဖေကတော့ ခဏက တင်ပါးမှာထိတယ်။ နောက်သမီးကတော့ လက်မောင်းရယ် ဗိုက်ရယ်ထိတယ်။ သူတို့ စစ်ရှောင်စခန်းဘေးမှာ ဆိုင်ကယ်စီးရင်းနဲ့ လက်နက်ကြီးကျတာနဲ့ ကွက်တိဖြစ်နေတော့ သူတို့နှစ်ယောက် ထိခိုက်သွားတာပေါ့နော” လို့ စစ်ရှောင်စခန်းတာဝန်ခံ တစ်ဦးက ပြောပါတယ်။

အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၁၂ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ဒီလို လွိုင်ကော်အရှေ့ဘက်ခြမ်းကို လက်နက်ကြီးတွေ လေကြောင်းတွေနဲ့ တိုက်ခိုက်တာဟာ ဧပြီလ ၁၅ ရက်နေ့က စစ်ကောင်စီပြုလုပ်တဲ့ လွိုင်ကော်ပြည်နယ်အစိုးရရုံး သင်္ကြန်ပွဲမှာ ပစ်ခတ်ခံရပြီး ထိခိုက်မှုတွေရှိခဲ့လို့ ဖြစ်နိုင်တယ်လို့ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ခူညေးရယ်က ပြောပါတယ်။

“မနေ့က သင်္ကြန်မဏ္ဍပ်ကို လုပ်လို့ထင်တယ်။ ဒီလူတွေ ဒီမှာပဲခိုမယ် ထင်ပြီးတော့ ညကြီး သန်ခေါင်ကျော်မှ လာပစ်တယ်လေ။ လာပစ်တော့ သုံးနေရာ၊ လေးနေရာတော့ လာပစ်ချတယ် ဒါပေမယ့် လူမထိပါဘူး။” လို့ ခူညေးရယ်က ပြောပါတယ်။

လက်ရှိ လွိုင်ကော်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲဖြစ်ပွားတာတွေ မရှိဘူးလို့ သိရပါတယ်။ စစ်ရှောင် တစ်သောင်းကျော်ဟာလည်း နေရပ်မပြန်နိုင်သေးပဲ တောတောင်ထဲမှာ စစ်ရှောင်နေရဆဲဖြစ်ပါတယ်။

စစ်ကောင်စီဘက်က စစ်ရှောင်စခန်းတွေရှိတဲ့နေရာအထိ ပစ်ခတ်မှုတွေ ပြုလုပ်နေတဲ့အတွက် အဲဒီဘက်က စစ်ရှောင်တွေဟာ တောင်ယာတွေကို လုပ်ကိုင်စားသောက်ဖို့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ စစ်ရှောင်တွေက ဆိုကြပါတယ်။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here