တော်လှန်ရေးအတွက် ဆက်လက်ကြံ့ကြံ့ခံရပ်တည်ကြရန် ရက္ခိုင့်တပ်တော် တပ်မှူးချုပ် တိုက်တွန်း

0
270

တော်လှန်ရေးနှင့်ပတ်သက်၍ ဆက်လက်ပြီး ကြံ့ကြံ့ခံရပ်တည်ကြရန် အာရက္ခပြည်သူများနှင့် အဝေးရောက် ရခိုင်လုပ်သားပြည်သူများအား ရက္ခိုင့်တပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တိုက်တွန်းပြောဆိုလိုက်သည်။

ယနေ့ ဧပြီလ ၁၀ ရက်တွင်ကျရောက်သည့် ၁၄ နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့အခမ်းအနားတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောဆိုခဲ့သည့် မိန့်ခွန်းမှ ကောက်နှုတ်ချက်တချို့တွင် ဖော်ပြထားခြင်းဖြစ်သည်။

အဆိုပါမိန့်ခွန်းကောက်နှုတ်ချက်ထဲတွင် တိုက်ပွဲသံ၊ ဗုံးလက်နက်အမြောက်ဆံများကြားမှ နာကြင်မှုမျက်ရည်နှင့် ရဲရင့်စွာရပ်တည်နေကြသည့် အာရက္ခပြည်သူများ၊ ရောက်ရာအရာမှ တော်လှန်ရေးအတွက် နိုင်ရာတာဝန်ကိုထမ်းဆောင်နေသည့် နိုင်ငံတကာနှင့် အဝေးရောက် ရခိုင်လုပ်သားပြည်သူတစ်ရပ်လုံး၏ ရပ်တည်ကူညီမှုများအား အထူးကျေးဇူးဥပကာရ တင်ရှိကြောင်းနှင့် ဆက်လက်ပြီး တော်လှန်ရေးအတွက်ကြံ့ကြံခံရပ်တည်ကြရန် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားသည်။

“ တိုက်ပွဲသံ၊ ဗုံးလက်နက်အမြောက်ဆံတိကြားက နာကြင်မှုမျက်ရည်တိနန့် ရဲရင့်စွာရပ်တည်နီကတ်တေ အာရက္ခပြည်သူတိနန့် တော်လှန်ရီးကို ရောက်တေနီရာက နိုင်ရေတာဝန်ကို ထမ်းဆောင်ပီးနီကတ်တေ နိုင်ငံတကာနန့် အဝီးရောက် ရက္ခိုင်လုပ်သားပြည်သူတရပ်လုံး၏ ရပ်တည်ကူညီမှုတို့ကို အထူးကျေးဇူး ဥပကာ ရတင်ဟိပါရေ။ ဆက်လက်ပြီးကေ ကြံ့ကြံ့ခံရပ်တည်ပီးကတ်ပါ။ စည်းလုံးမှုအပြည့်နှင့် ခရီးဆက် ကတ်ပါမေ” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်စကားဖြင့် ပြောဆိုထားသည်။

တော်လှန်ရေးကာလတွင် တော်လှန်ရေးလောကဓံကိုသွေဖည်ပါက ကျွန်ဖြစ်မည်ဖြစ်ကြောင်းနှင့် သတ္တိရှိပြီး လက်တွေ့ဆန်သည့် မျိုးချစ်များအတွက် နာကျင်ဒဏ်ရာအမာရွတ်များမှာ ခွန်အားနှင့်ဆုတံဆိပ်များပင်ဖြစ်ကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုသည်။

“ တော်လှန်ရီးကာလမှာ တော်လှန်ရီးလောကဓံက ရင်ဆိုင်ဖြတ်ကျော်နိုင်ရဖို့၊ သွေဖီကေ ကျွန်ဖြစ်ဖို့။ သတ္တိဟိရေ လက်တွိဆန်ရေမျိုးချစ်တိအတွက် အေနာကြင်မှုဒဏ်ရာအမာရွက်တိစွာ ခွန်အားနန့်ဆုတံဆိပ်တိပင်ဖြစ်တေ” ဟု ဆိုသည်။

တော်လှန်ရေးကာလ ဖြတ်သန်းထိုးဖောက်မှုတိုက်ပွဲများတွင် တိုင်းပြည်နှင့် လူမျိုးအတွက် ဘဝ၊ ခန္ဓာ အသက်တို့ကို ပေးဆပ်သွားကြသည့် ရဲဘော်ရဲဘက်များအား လေးနက်စွာ ဂါရဝပြုကြောင်း ပြောသည်။

ဒုက္ခသုက္ခများကြားမှ ဘဝများကိုရင်းပြီး ယုံကြည်ချက်အပြည့်နှင့် တိုက်ပွဲဝင်ရန်အသင့်ဖြစ်နေပြီး တာဝန်အသီးသီးကိုထမ်းဆောင်နေသည့် ရဲဘော်ရဲမယ်အပေါင်းကိုလည်း အလေးနက်ဂါရဝပြုကြောင်း ဆက်လက်၍ ပြောဆိုထားသည်။

ရက္ခိုင့်တပ်တော် (AA) ကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်တွင် KIO ဌာနချုပ်ရှိရာ ကချင် ပြည်နယ်၊ လိုင်ဇာမြို့၌ စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့တွင် ၁၄ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here