ULA/AA ၏ (၁၄) နှစ်မြောက် တပ်တော်နေ့သို့ NUG နှင့် ညီနောင်မဟာမိတ်များ သဝဏ်လွှာပို့

0
394

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA )၏ ယနေ့ ဧပြီလ (၁၀) ရက်တွင် ကျရောက်သော (၁၄) နှစ်မြောက် တပ်တော်နေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG )နှင့် ညီနောင်မဟာမိတ်များဖြစ်သည့် PSLF/TNLA နှင့် MNTJP/MNDAA တို့က သဝဏ်လွှာပေးပို့ လိုက်သည်။

ရက္ခိုင်ပြည်သူထူထု၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် အပြည့်အဝရရှိရေးအတွက် ရက္ခိုင့်တပ်တော်ကို ဖွဲ့စည်းတည်ထောင်ကာ တော်လှန် တိုက်ပွဲဝင်လာခဲ့သည်မှာ ယနေ့တွင် (၁၄) နှစ် တိုင်တိုင် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ရက္ခိုင်ပြည်သူလူထုနှင့်ထပ်တူထပ်မျှ ဝမ်းမြောက် ဂုဏ်ယူကြောင်း NUG က ဆိုသည်။

ယင်းအပြင် (၁၄) နှစ်တာ တော်လှန်ရေး ခရီးကြမ်းအတွင်း အသက်၊ အိုးအိမ်စည်းစိမ် ကိုယ်လက်အင်္ဂါများ စွန့်လွှတ်ပေးလှူခဲ့ကြသော ရက္ခိုင့်အာဇာနည်သူရဲကောင်းများနှင့် ရက္ခိုင်ပြည်သူလူထုတရပ်လုံးကိုလည်း လေးနက်စွာ အောက်မေ့ဦးညွတ်အပ်သည်ဟု ရေးသားထားသည်။

နွေဦးတော်လှန်ရေးတွင် ရက္ခိုင့်တပ်တော်သည် အဖိနှိပ်ခံ ပြည်သူလူထုနှင့်တကွ အတူရပ်တည်ပြီး ဘုံရန်သူအား ပြင်းပြင်းထန်ထန် ခုခံတွန်းလှန်နေသည့်အပြင် တော်လှန်ရေးအင်အားစုများကိုလည်း လက်တွဲကူညီ ပံ့ပိုးပေးလျက်ရှိပြီး ရက္ခိုင့်တပ်တော်အနေဖြင့် ရက္ခိုင်ပြည်သူလူထု၏ နိုင်ငံရေးအမျိုးသားရေး မျှော်မှန်းချက်များကိုလည်း တပါတည်း အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေကြောင်း NUG ၏ သဝဏ်လွှာတွင် ဆုမွန်ကောင်း တောင်းထားသည်။

ယင်းအပြင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) ၏ (၁၄) နှစ်ပြည့် အဖွဲ့အစည်းတည်ထောင်ခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ညီနောင်မဟာမိတ်များဖြစ်ကြသည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF)/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ (MNTJP)/ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)တို့ကလည်း ULA/AA နှင့်အတူတကွ ညီညီညွတ်ညွတ် ရပ်တည်ကာ ဆက်လက်၍တိုက်ပွဲဝင်သွားမည်ဖြစ်ပါကြောင်း၊ ULA/AA ခေါင်းဆောင်များနှင့် ရဲဘော်ရဲမယ်များရဲဘော်ရဲဘက်များအားလုံး ကျန်းမာပကတိတည်ရှိ၍ ရက္ခိုင်သူ/သားတို့မှလည်း ရက္ခိုင်အမျိုးသားတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်များ အမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေကြောင်း ဆန္ဒပြုကာ သဝဏ်လွှာပေးပို့ထားသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့အနေနှင့် လက်ရှိကြုံနေရသည့် အခြေအနေများကို လွတ်မြောက်နိုင်ရေး အတွက် စစ်ကောင်စီအား တော်လှန်တိုက်ပွဲဝင်နေသော အဖွဲ့အစည်းများနှင့် အတူတကွ ခိုင်မာစွာလက်တွဲကာ တိုက်ပွဲများဝင်ကြရမည်ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ကို ၂ဝဝ၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်တွင် ကချင်ပြည်နယ်၊ လိုင်ဇာရှိ KIO ဌာနချုပ်တွင် စတင်တည်ထောင်ခဲ့သည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here