ဘူးသီးတောင် ခလရ ၂၆၃ တပ်ရင်းမှ တပ်သားလင်မယားထွက်ပြေး

0
292

ဘူးသီးတောင်မြို့ အခြေစိုက် ခလရ ၂၆၃ တပ်ရင်းမှ တပ်သားလင်မယား ၂ ဦး ထွက်ပြေးသွား၍ဟုဆိုကာ စစ်ကောင်စီတပ်က မောင်တောနယ်ထိ လာရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု ကျေးရွာသားများက ပြောကြားသည်။

သူတို့အား ဧပြီ ၆ ရက်၊ နေ့လယ်ပိုင်းတွင် စစ်တပ်နှင့် နယ်ခြားစောင့်တပ်သားများက စစ်ကားအများအပြားဖြင့် မောင်တောမြို့နယ်၊ ၃ မိုင် သာစည်ကျေးရွာသို့ သတင်းအရ လာရောက်ရှာဖွေခဲ့ကြောင်း ၎င်းကျေးရွာသားတစ်ဦးက ပြောသည်။

“ သူတို့ ဘယ်လိုသတင်းရလို့ လာရှာလဲမသိပါဘူး။ ပြောသံကြားတာက တပ်သားထွက်ပြေးသွားလို့ ပြောတယ်။ တပ်သားလင်မယား ပြေးတာလည်း ဒီလ ၁ ရက်နေ့ကတည်းက ကြားတယ်။ လာရှာတုန်းကတော့ တခြားဌာနဆိုင်ရာတွေလည်းပါတယ်။ သူတို့က ရွာထဲပတ်ကြည့်ပါတယ်။ ဘာကိစ္စဆိုတာ မပြောပါဘူး” ဟု ပြောသည်။

ယင်းအပြင် ဧပြီ ၆ ရက်ညနေပိုင်းကလည်း ရဲနှင့်စစ်တပ် ပူးပေါင်းအဖွဲ့က မောင်တောမြို့မြောက်ပိုင်း သီဟိုဠ်ခြံရှေ့တွင်လည်း လမ်းသွားလမ်းလာများနှင့် ဆိုင်ကယ်၊ သုံးဘီးများကို စစ်ဆေးမှုများရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ ရဲနဲ့ စစ်တပ်က ၅ နာရီခွဲလောက်က နခခ (၅) က တေဘာကားကြီးနဲ့ အယောက် (၃၀) လောက် အင်အားဖြည့်ပြီး သီဟိုဠ်ခြံနားမှာ စစ်ဆေးကြပါတယ်။ ကားတွေကို အကုန်ရပ်ခိုင်းတယ်” ဟု ပြောသည်။

ထွက်ပြေးသွားသည့် တပ်သားလင်မယားမှာ ဘူးသီးတောင်မြို့ အခြေစိုက် ခလရ ၂၆၃ တပ်ရင်းမှဖြစ်သည်ဟု သိရသော်လည်း ၄င်း၏ ရာထူးနှင့် အမည်တို့ကို မသိရဟု ၎င်းတို့က ပြောဆိုသည်။

ကျေးရွာသားများက တပ်သားလင်မယားနှစ်ဦး တပ်ကနေထွက်ပြေးသွားသည်ဟု ပြောဆိုသော်လည်း စစ်ကောင်စီဘက်ကို ဆက်သွယ်၍ မရသဖြင့် နိရဉ္စရာသတင်းဌာန အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

မတ်လ ၁၉ ရက်ကလည်း ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာအနီးရှိ အထက်နန်းရာချောင်း၊ စေတီတောင်ဘုရားတွင် တပ်စွဲထားသည့် နယ်ခြားစောင့်တပ်စခန်းမှ လက်နက်မဲ့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားနှစ်ဦး ရက္ခိုင်တပ်တော် (AA) ထံ အလင်းဝင်သွားသည်ဟု သိရသည်။

မတ်လ ၆ ရက်က မောင်တောမြို့နယ်တောင်ပိုင်း၊ မြင်းလွှတ်နယ်ခြားစောင့်စခန်း နခခ ၉ တပ်ရင်းမှ နယ်ခြားစောင့်တပ်ဖွဲ့ဝင် (၄) ဦး လက်နက်များနှင့်အတူ ထွက်ပြေးသွားခဲ့သေးသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း မြောက်ဦးမြို့ အခြေစိုက် (၅၄၀) တပ်ရင်းမှ စစ်ကောင်စီတပ်သား (၃) ဦးနှင့် မြောက်ဦးအခြေစိုက် (၃၇၈)တပ်ရင်းမှ စစ်ကောင်စီတပ်ကြပ် ၁ ဦးတို့သည်လည်းလက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားခဲ့ကြသည်ဟု သိရသည်။

အလားတူ ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်အတွင်းကလည်း ကျောက်တော်မြို့ရှိ မဟာမုနိဘုရားကုန်းပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့လည်း လက်နက်မဲ့ ထွက်ပြေးသွားခဲ့ကြသည်။

ရခိုင်တွင် တပ်ကထွက်ပြေးသူ အနေရအတွက် တိုးပွားလာနေသဖြင့် စစ်ကောင်စီ တပ်ချုပ်ကိုယ်တိုင်လာရောက်ပြီ တပ်တွင်းစည်းရုံးမှုများပြုလုပ်နေရသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here