ရေဖြူမြို့နယ် ဇာဒီကျေးရွာမှ အမျိုးသားတစ်ဦး ပစ်သတ်ခံရ

0
240

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ဇာဒီကျေးရွာမှ အမျိုးသားတစ်ဦး စစ်ကောင်စီရေတပ်မှ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံများ၏ထံမှ သိရသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရသူသည် ဇာဒီကျေးရွာ သစ်တောလှရပ်ကွက်တွင် နေထိုင်သူ အသက် ၂၇ နှစ်အရွယ်ခန့်ရှိ ကိုအောင်ကိုဆိုသူဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

၎င်းသည် ဧပြီလ ၆ ရက် ညနေ ၄ နာရီခွဲဝန်းကျင်အချိန်ခန့်က ဇာဒီကျေးရွာအနီးရှိ ရော်ဘာခြံအတွင်းမှ ဆိုင်ကယ်ဖြင့်ထွက်လာစဉ် ကံပေါက်အခြေစိုက် မောရဝတီရေတပ်စခန်းမှ စစ်ကား ၃ စီးနှင့် တွေ့ဆုံစဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ကိုအောင်ကို ကို စစ်ကားပေါ်ကနေ သေနတ်နဲ့ ဝိုင်းပစ်ကြတာလို့ ကြားသိရတယ်။ အဲ့ဒီလို ပစ်သတ်ပြီးတော့ ကိုအောင်ကိုရဲ့ ရုပ်အလောင်းနဲ့ ဆိုင်ကယ်ကိုမောရဝတီရေတပ်စခန်းထဲ ယူသွားတယ်။ မနေ့ (ဧပြီလ ၇ ရက်) မနက်ပိုင်းမှာတော့ သူ့မိသားစုထံကို ဆက်သွယ်ပြီးတော့ ရုပ်အလောင်းကိုအရေးပေါ်လူနာတင်ယာဉ်နဲ့ လာယူခိုင်းတယ်လို့ သိရတယ်။ နေ့လည်ပိုင်းမှာတော့ ရုပ်အလောင်းကို ဇာဒီရွာမှာရှိတဲ့ သုဿန်မှာပဲ မီးသင်္ဂြိုဟ်လိုက်တယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။

ကိုအောင်ကိုသည် ရော်ဘာခြံအလုပ်သမားတစ်ဦးဖြစ်ကြောင်းနှင့် ၎င်းသေဆုံးချိန်တွင် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ကိုယ်ဝန်သည်အမျိုးသမီး ကျန်ရစ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

IMNA – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here