ရွှေကုက္ကိုတိုက်ပွဲများကြောင့် ထိုင်းဘက်သို့ ထွက်ပြေးလာသူပေါင်း (၈၀၀၀) ကျော်ပြီဟုဆို

0
438

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး ရွှေကုက္ကိုဒေသတွင် ကရင်တော်လှန်ရေးတပ် (KNLA) များနှင့် မြန်မာစစ်တပ်၏ နယ်ခြားစောင့်တပ် (BGF) တို့ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျှက်ရှိရာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးလာရသည့် မြန်မာအရပ်သားစုစုပေါင်း (၈၀၀၀) ကျော်ခန့် ရှိသွားပြီဟု ဘန်ကောက်ပို့စ်သတင်းစာ၏ ဖော်ပြချက်အရ သိရှိရသည်။

တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးနေသဖြင့် ကြာသပတေးနေ့ မနက်ပိုင်းက တာ့ခ်ပြည်နယ်၊ မဲဆောက်နှင် မဲရာမတ်ခရိုင်၏ တစ်ဖက်ကမ်းမှ လူပေါင်း ၁၀၀၀ ကျော် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည်ဟု ဆိုသည်။

မြန်မာစစ်တပ်နှင့် ကရင့်လက်နက်ကိုင်တပ် (KNLA) တို့အကြား အပြင်းအထန်တိုက်ပွဲများ ရွှေကုက္ကိုအနီးရှိကျေးရွာများတွင် ဖြစ်ပေါ်လျှက်ရှိသည်။

အဆိုပါရွာများမှာ မဲဆောက်ခရိုင် ဘန်ဝမ်း တက်ခီယန်တိုင်ရွာနှင့် မဲရာမတ်ခရိုင် ဘန်ဝမ်းဖရွာများ၏ တစ်ဖက်ကမ်းတွင် တည်ရှိသည်။

ကြာသပတေးနေ့ နံနက်ပိုင်းက ဖြစ်ပွါးသောတိုက်ပွဲတွင် နှစ်ဖက်တပ်များက အမြောက်ကျည်များ၊ ဒုံးပစ်လောင်ချာများ အသုံးပြုပြီး အပြန်အလှန်ပစ်ခတ်ခဲ့ရာ နှစ်ဖက်စလုံး အကျအဆုံး များပြားခဲသည်ဟု ဆိုသည်။

ဒဏ်ရာရသူအချို့ကို မဲဆောက်နှင့် မဲရာမတ်ဆေးရုံများသို့ တင်ပို့ခဲ့ရာ သေဆုံးမှုများလည်းရှိသည်ဟု ဆိုသည်။

တိုက်ပွဲကြောင့် နေရပ်စွန့်ခွါလာသူ လူပေါင်း ၁၀၀၀ ကျော်သည် အမှတ် (၁) ချစ်ကြည်ရေးတံတားကို နယ်စပ်ဖြတ်ကျော်လက်မှတ်ဖြင့် ဖြတ်သန်းပြီး ကြာသပတေးနေ့ မနက်ပိုင်းက ထိုင်းဘက်ခြမ်းသို့ ဝင်ရောက်လာခဲ့ကြသည်။အများစုမှာ ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများဖြစ်ကြသည်။

ယခုထပ်မံရောက်ရှိလာသူများအပါအဝင် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံလာသူပေါင်း (၈၀၀၀) ကျော်ရှိပြီဟု သိရသည်။

၄င်းတို့ကို ဒေသခံအစိုးရတာဝန်ရှိသူများ၊ စစ်သားနှင့် ရဲများက စောင့်ရှောက်ပေးထားပြီး မဲဆောက်ဒေသရှိ အလှူရှင်များက အစားအသောက်များ လှူဒါန်းပေးဝေလျှက်ရှိသည်။

ထွက်ပြေးလာသူတစ်ဦး၏ ပြောကြားချက်အရ တိုက်ပွဲများအတွင်း နေအိမ်အများအပြားနှင့် ဘုန်ကြီးကျောင်းများ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့သည်ဟုဆိုသည်။ အိမ်တစ်အိမ်တွင် အိမ်စောင့်တစ်ဦးသာ ချန်ထားပြီး မိသားစုအကုန် ထွက်ပြေးလာခဲ့ရသည်ဟု ၄င်းက ဆိုသည်။

ဌေးဌေးအောင်(နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here