မတ်လအတွင်း စစ်ကောင်စီတပ်စစ်သုံ့ပန်း (၁၃) ဦး ဖမ်းဆီးရမိထားကြောင်း KNDF ထုတ်ပြန်

0
293

စစ်ရေးပြင်းထန်နေတဲ့ ကရင်နီပြည်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေမှာ မတ်လတစ်လ တိုက်ပွဲအတွင်း စစ်သုံ့ပန်း (၁၃) ဦး ဖမ်းဆီးရမိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဧပြီလ (၃) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မတ်လဆန်း ရှမ်းပြည်နယ်တောင်ပိုင်းက ထိတွေ့တိုက်ပွဲ နဲ့ မတ်လ (၉) ရက်နေ့ကစ စစ်ကောင်စီစစ်ကြောင်းထိုးမှုကြောင့် ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းက တိုက်ပွဲအတွင်း ဖမ်းမိတာဖြစ်ပြီး စုစုပေါင်း (၁၃) ဦးတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို နိုင်ငံတကာ ဥပဒေ၊ စစ်သုံ့ပန်း ဥပဒေအတိုင်း လူ့ဂုဏ်သိက္ခာနဲ့အညီ ထိန်းသိမ်းထားပြီး စစ်သုံ့ပန်းစံချိန်စံနှုန်းနဲ့အညီ လုပ်ကိုင်ဆောင်ရွက်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှ အတွင်းရေးမှူး- ၃ ခူးရီးဒူ က အခုလိုပြောပါတယ်။

“ကျတော်တို့ KNDF မှာက Military act (စစ်ဖက်ဆိုင်ရာ အရေးယူဆောင်ရွက်မှု ဥပဒေ) ရှိတယ်။ Military act ထဲမှာ ကျတော်တို့ စစ်သုံ့ပန်းရဲ့ အခန်းကဏ္ဍကို ထည့်သွင်းပြီးတော့ ရေးသားထားတာရှိတယ်။ ကျနော်တို့က ၂ ခုပေါ့လေနော် တခုက ကျနော်တို့ရဲ့ KNDF Military act မူဝါဒနဲ့ ရေးဆွဲထားတဲ့ ဥပဒေနဲ့ အညီတခုရယ် နောက်ထပ်တခုကတော့ နိုင်ငံတကာမှာ ချမှတ်ထားတဲ့ စစ်သုံ့ပန်းဆိုင်ရာ ဥပဒေ ဒီနှစ်ခုနဲ့ ကျနော်တို့တွေက လက်ရှိဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို အဲဒီစံချိန်စံနှုန်းနဲ့အညီ ကျတော်တို့တွေက လုပ်ကိုင်ဆောင်ရွက်နေတယ်ပေါ့” လို့ သူကပြောပါတယ်။

စစ်သုံ့ပန်း (၁၃) ဦးထဲမှာ အရာရှိတချို့ပါဝင်ပြီး အများဆုံးက စစ်ကောင်စီရဲ့ ဆက်သွယ်ရေး တပ်သားတွေလို့ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ခလရ (၁၂) မှ ဆက်သွယ်ရေး ဒုတပ်ကြပ်တစ်ဦး MA-3သေနတ် တစ်လက်နဲ့အတူ KNDF ထံ ဘက်ပြောင်းခိုလှုံခဲ့တယ်လို့ KNDF ကထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့မှာ ဖယ်ခုံမြို့ နယ် ကုရင်ကျေးရွာအုပ်စုတောင်ကြားမှ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ခမရ ၄၂၉ နဲ့ ဖယ်ခုံ PDF တပ်ရင်း ၂အပါအဝင် ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မတ်လ ၁၂ ရက်နေ့ နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာမှာ အရာရှိအပါအဝင် စစ်ကောင်စီတပ်သား ၁၉ ဦး သေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၆) ဦး ဖမ်းဆီးရမိတယ်လို့ ဖယ်ခုံ PDF ထုတ်ပြန်ထားတာရှိပါတယ်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here