လိပ်သိုလ်ဒေသတွင်း တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တပ်ကြပ်အဆင့်ရှိသူ (၂) ဦးအပါအဝင် (၁၃) ဦးသေဆုံး

0
482

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသ သာစည်နှင့်မလောက်ချောင်းကျေးရွာကြားတွင် ပြီးခဲ့သည့် ဧပြီလ (၁) ရက်နေ့က စစ်ကောင်စီနှင့်သံတောင်မြောက်ပိုင်း (အထူးဒေသ) ကာကွယ်ရေးတပ်ဖွဲ့ NTDF တို့ ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တပ်ကြပ်အဆင့်ရှိသူ (၂) ဦးအပါအဝင် စုစုပေါင်း (၁၃) ဦးသေဆုံးခဲ့ကြောင်း NTDF က ယနေ့ထုတ်ပြန်ကြေညာသည်။

(၄၅) မိနစ်ကြာ ဖြစ်ပွားခဲ့သောအဆိုပါတိုက်ပွဲသည် ဗောဓိကုန်းကျေးရွာသို့ စစ်ကောင်စီ၏ ရေနီလေ့ကျင့်ရေးတပ် (၅) တပ်၊ နေပြည်တော်တပ်ပေါင်းစုနှင့် တပ်မ(၄၄)မှ အင်အား(၁၅၀)ခန့်ရှိသော စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်၍ ၎င်းရွာမှဒေသခံ(၃၀)ကျော်အား ဖမ်းဆီးကာ ကာကွယ်ရေးတပ်များသို့ ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ရာမှ အစပြုကာ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း NTDF ၏ အဆိုအရသိရသည်။

စစ်ကောင်စီသည် NTDF မှ စစ်ရေးလှုပ်ရှားမှုမပြုလုပ်သောကြောင့် ဖမ်းဆီးထားသော ထိုဒေသခံများအား လွှတ်ပေးကာ ဗောဓိကုန်းရွာမှ ဆက်လက်ထွက်ခွာလာစဥ် သာစည်နှင့်မလောက်ချောင်းကြားတွင် ကာကွယ်ရေးတပ်များ၏ခြုံခိုတိုက်ခိုက်မှုကိုခံခဲ့ရပြီး စစ်ကောင်စီဘက်မှ တပ်ကြပ် (၂) ဦးအပါအဝင် သေဆုံးသူ (၁၃) ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူအများအပြား ရှိခဲ့ကြောင်း NTDF ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မုတ်ဆိတ်က ပြောသည်။

၎င်းက “တိုက်ပွဲဖြစ်တော့ သူတို့တွေကစဥ့်ကလျားနဲ့ထွက်ပြေးရတယ်။ ကျတော်တို့သတင်းရသလောက်တော့ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရနဲ့ကျဆုံး စုစုပေါင်းက အနည်းဆုံး အယောက် (၃၀) လောက်ရှိမယ်လို့ ခန့်မှန်းတယ်။ သူတို့ဘက်က တပ်တွင်းသတင်းအရ ကြားသိရတာပါ။”ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် တိုက်ပွဲမဖြစ်ခင် အဆိုပါကျေးရွာများသို့ ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ကြိုတင်အသိပေးထားပြီးဖြစ်သောကြောင့် ဒေသခံများက ကြိုတင်ရှောင်ရှားထားနိုင်ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း NTDF ၏ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။

ထိုသို့ စစ်ကောင်စီမှ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သော ဗောဓိကုန်းရွာသည် လိပ်သိုလမ်းမကြီးနံဘေးတွင် တည်ရှိပြီး ရုတ်တရက်ဆင်လာသော ထိုးစစ်ကြောင့် ဒေသခံများအနေဖြင့် ကြိုတင်ရှောင်ရှားချိန်မရလိုက်ပဲ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

အလားတူ ပြီးခဲ့သည့် မတ်လ (၂၈) ရက်နေ့ကလည်း သံတောင်ကြီးမြို့နယ်၊ သံမိုးတောင်ကျေးရွာသို့ စစ်ကောင်စီဘက်မှလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံများနေရပ်စွန့်ခွာထွက်ပြေးနေရသလို မတ်လ (၃၁) ရက်နေ့က ဒေသခံကာကွယ်ရေးတပ်များနှင့်စစ်ကောင်စီတို့ အဆိုပါကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီမှ ကျေးရွာအတွင်းရှိ နေအိမ်(၄)လုံးအား မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း ဒေသတွင်းမီဒီယာများတွင် ဖော်ပြထားသည်။

နန့်ဆန်းထီ (KIC) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here