မြဝတီ၊ ကော့ကရိတ်နှင့် ကျုံဒိုးရှိ စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်ခံရ

0
277

ကရင်ပြည်နယ် မြဝတီ၊ ကော့ကရိတ်နှင့် ကျုံဒိုးမြို့တို့၌ စစ်ကောင်စီ တပ်စခန်းများကို ကရင်လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့တို့က မတ်လ ၂၅၊ ၂၆ ရက်နေ့များတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဖက်မှ ၂၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၈ ဦး အရှင်ဖမ်းမိခဲ့ကြောင်း Cobra စစ်ကြောင်းနှင့် Lion Battalion Commando စစ်ကြောင်းတို့က ထုတ်ပြန်ထားသည်။

မတ်လ ၂၅ ရက် နံနက်အစောပိုင်းက မြဝတီမြို့ သင်္ဃန်းညီနောင်ရဲစခန်း၊ ကုန်သွယ်ရေးဇုန်တို့ရှိ စစ်တပ်စခန်းများကို Cobra စစ်ကြောင်းက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဖက်က ၁၁ ဦး သေဆုံးခဲ့ပြီး ဒု-ရဲမှုးအပါအဝင် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် ၈ ဦးတို့ အရှင်ဖမ်းမိကြောင်း Cobra စစ်ကြောင်းက ထုတ်ပြန်ထားသည်။

မတ်လ ၂၅ နှင့် ၂၆ ရက်နေ့များတွင် ကျုံဒိုးမြို့အခြေစိုက် ခမရ (၅၄၅/ ၅၄၆)၊ ကျုံဒိုးရဲစခန်း၊ ဂျိုင်းတံတားနှင့် ငါးတိုင်အလယ်တန်းကျောင်းဝင်းထဲ တပ်စွဲထားသည့် စစ်တပ်နှင့် နယ်ခြားစောင့်တပ် BGF စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Lion Battalion Commando စစ်ကြောင်းကလည်း ယနေ့ မတ်လ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။

မတ်လ ၂၅ ရက် နံနက် ၇ နာရီခွဲခန့်အချိန်မှစ၍ မတ်လ ၂၆ ရက်နေ့အထိ ကျုံဒိုးမြို့က ၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၅ ဦးထက်မနည်း ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရသူ များပြားကြောင်း၊ Lion Battalion Commando စစ်ကြောင်းမှ ရဲဘော် ၃ ဦး ကျဆုံးခဲ့ရကြောင်းလည်း ထုတ်ပြန်ထားသည်။

၎င်းတိုက်ပွဲများကြောင့် မြဝတီမြို့မှ ကော့ကရိတ်မြို့နယ်လမ်းပိုင်း အာရှလမ်းမကြီးတစ်လျှောက် ပိတ်ထားရကာ ကားတစ်ချို့လည်း လမ်းပေါ်တွင်ပိတ်မိနေကြောင်း ဒေသခံများက ပြောသည်။

“ အာရှလမ်းမကြီးကတော့ အခုထိပိတ်ထားတယ်၊ ထော့ကိုကိုးလမ်းကနေ သွားနေကြတယ်၊ မဖြစ်မနေ သွားရမယ့်သူတွေ၊ လမ်းကတောင်ပေါ်လမ်းပေါ့၊ ကားလေးတွေပဲ၊ သတိတော့ထားပြီးသွားနေရတာ။’’ ဟု ဒေသခံတစ်ဦးက ပြောသည်။

မတ်လ ၂၅ ရက်ကစပြီး စစ်ရေးအခြေအနေရှုပ်ထွေးနေသည့်အတွက် မြဝတီ နှင့်ကျုံဒိုးမြို့နယ်အကြား မည်သည့်နည်းလမ်းနှင့်မျှ ဖြတ်သန်း သွားလာခြင်းမပြုကြဖို့ ဗိုလ်ကျော်သက် ဦးစီးသည့် ကျားဖြူ စစ် ကြောင်းက သတိပေးကြေညာချက် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖက်မှ မြဝတီ၊ ကော့ကရိတ်နှင့် ကျုံဒိုးနယ်တစ်ဝိုက်တွင် ကရင်လက်နက်ကိုင်ပူးပေါင်းအဖွဲ့ကို လေကြောင်းမှ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here