ရာဇဝတ်မှုများကျုးလွန်နေသည့် စစ်ကောင်စီအား နိုင်ငံတကာရာဇဝတ်ခုံရုံးမှ အရေးယူပေးရန် တိုက်တွန်း

0
223

နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) အနေဖြင့် မြန်မာနိုင်ငံရှိ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ကျုးလွန်နေသည့် စစ်ကောင်စီအား လျှင်မြန်စွာအရေးယူပေးရန် ဒီမိုကရက်တစ်လူငယ်ကောင်စီ (DYC) က မတ်လ (၁၈) ရက်နေ့က တိုက်တွန်းထားသည်။

ရုရှားနိုင်ငံသမ္မတ ဗလာဒီမီယာပူတင်ကို ယူကရိန်းနိုင်ငံမှကလေးများအား ရုရှားနိုင်ငံသို့ အတင်းအဓမ္မပို့ဆောင်ခဲ့မှုတွင် ပါဝင်ပတ်သက်နေသည်ဟု သံသယရှိသဖြင့် ယမန်နေ့ မတ်လ (၁၇) ရက်နေ့က ICC မှ ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ခြင်းအပေါ် DYC က ကြိုဆိုကြောင်းနှင့်ပူးတွဲ၍ မြန်မာအာဏာသိမ်း စစ်ကောင်စီအားလည်း ဖမ်းဝရမ်းထုတ်၍ ဆင့်ခေါ်အရေးယူပေးရန် ထိုသို့ တိုက်တွန်းတောင်းဆိုထားခြင်းဖြစ်သည်။

ထို့အပြင် လက်နက်ကိုင်ခုခံမှုများဖြစ်ပေါ်ရခြင်းမှာ နိုင်ငံတကာ၏ကြားဝင်စေ့စပ်မှု အားနည်းခြင်းကြောင့်ဖြစ်သလို DYC အနေဖြင့် ရုရှားနိုင်ငံ၏ယူကရိန်းနိုင်ငံအပေါ် ကျုးလွန်မှုများအား ကမ္ဘာနိုင်ငံသားအနေဖြင့် လက်မခံနိုင်၍ ICC ၏ အရေးယူမှုကိုကြိုဆိုရခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း နိုင်ငံသားများအပေါ် စစ်ကောင်စီ၏အကြမ်းဖက်မှုများစွာရှိသည့်အတွက်ကြောင့် အလားတူအရေးယူပေးရန် တိုက်တွန်းရခြင်းဖြစ်ကြောင်း DYC ဥက္ကဌ ဂျေဆင်က ဆိုသည်။

၎င်းက “မြန်မာနိုင်ငံမှာဆိုရင်လည်း ရုရှားနဲ့ဆင်တူတဲ့ပြစ်မှုတွေ စစ်ကောင်စီက လူသားတွေအပေါ်ကျုးလွန်တဲ့ ပြစ်မှုတွေ အများကြီးရှိတယ်။ ဥပမာ ကချင်ပြည်နယ် အနန့်ပါကျေးရွာမှာ ကျုးလွန်တဲ့ကိစ္စတွေ၊ ဟိုတလောက ရှမ်းပြည်နယ် နမ်းနိန်းကျေးရွာမှာ ဖြစ်သွားတဲ့ကိစ္စတွေပေါ့။ ပြည်သူတွေအများစုက နိုင်ငံတကာရဲ့ဆင်ခြင်တုံတရားနဲ့ပူးပေါင်းပါဝင်မှုကို အားမလိုအားမရဖြစ်နေကြတယ်။ ဒါ့ကြောင့် ရုရှားကို ICC က အရေးယူတာ ကျနော်တို့ အင်မတန်ကိုလက်ခံကြိုဆိုတယ်။ ဒီလိုပဲ ရုရှားရဲ့လက်ဝေခံဖြစ်တဲ့ မြန်မာစစ်အုပ်စုကို နိုင်ငံတကာဥပဒေလမ်းကြောင်းအရ အမြန်ဆုံးအရေးယူဖို့ ကျနော်တို့ တိုက်တွန်းတောင်းဆိုတာပါ။” ဟု ပြောသည်။

ထို့အတူ စစ်ကောင်စီ၏ ဒေသတွင်းအကြမ်းဖက်မှုများသည် ပြည်တွင်း၌သာမက နိုင်ငံတကာငြိမ်းချမ်းရေးကိုပါ ထိပါးလာစေသော လုပ်ရပ်များဖြစ်သည့်အတွက် ICC မှ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးခြင်းဖြင့် တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကူညီကယ်ဆယ်ရာရောက်ပြီး မြန်မာ့အရေးဖြေရှင်းရာတွင် ထိရောက်မှုရှိလာမည့်အကြောင်း DYC က တောင်းဆိုချက်တွင် ဖော်ပြထားသည်။

အာဏာသိမ်းမှုမတိုင်ခင်ကတည်းက စစ်ကောင်စီက ကျုးလွန်ခဲ့သောရာဇဝတ်မှုများစွာရှိခဲ့သောကြောင့် ယခင်စစ်ခေါင်းဆောင်ဟောင်းများနှင့် လက်ရှိအာဏာသိမ်းစစ်ကောင်စီအား ICC မှ အရေးယူမှုလုပ်ဆောင်ရန် ရာခိုင်နှုန်းအားဖြင့် (၁၀၀) ရာခိုင်နှုန်းအထက်တွင်ရှိနေသည်ဟု ယုံကြည်သော်လည်း လူထုနှင့် အဖွဲ့အစည်းအားလုံး၏ ပေါင်းစည်းလုပ်ဆောင်မှုလိုအပ်ကြောင်း DYC ဥက္ကဌက သုံးသပ်ပြောဆိုမှုအရ သိရသည်။

ဒီမိုကရက်တစ်လူငယ်ကောင်စီ (DYC) ကို နိုင်ငံတစ်ဝှမ်းရှိ နိုင်ငံရေးအင်အားစုများ၊ နိုင်ငံရေးပါတီများ၊ ကျောင်းသားလူငယ်များ၊ တက်သိပညာရှင်များဖြင့် ၂၀၂၁ ခုနှစ်မှစတင်၍ အာဏာရှင်စနစ် နိဂုံးချုပ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် နိဂုံးချုပ်ရေးနှင့် လူငယ်များ နိုင်ငံရေးတွင်ပိုမိုပါဝင်လာ၍ လူငယ့်ကံကြမ္မာဖန်တီးရေး စသည့် ရပ်တည်ချက်သုံးရပ်ဖြင့် ဖွဲ့စည်းထားပြီး CDM လှုပ်ရှားမှု ပိုမိုတိုးတက်လာရန်လုပ်ဆောင်ခြင်း၊ လူငယ်များသို့ နိုင်ငံရေးရာနှင့်သင်တန်းပို့ချမှုများအား NUG ၏ အမျိုးသမီးနှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနနှင့်သာမက အခြားသောအဖွဲ့အစည်းများဖြင့် ပူးပေါင်းဖွင့်လှစ်ပေးခြင်း အစရှိသည်တို့ကို လှုပ်ရှားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နန့်ဆန်းထီ (KIC) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here