မှတ်ပုံပြန်မတင်သဖြင့် ပါတီဖျက်သိမ်းခံရပါက ပြည်သူ့အကျိုး ဆက်လုပ်မည်ဟု ALD ပြောဆို

0
241

စစ်ကောင်စီရွေးကောက်ပွဲ ကော်မရှင်ထံတွင် ပါတီမှတ်ပုံမတင်ရန် ဆုံးဖြတ်ထားသည့် ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ALD အနေဖြင့် ပါတီဖျက်သိမ်းခံရမည်ဖြစ်သော်လည်း ပြည်သူ့အကျိုးကို တတ်နိုင်သည့်ဘက်မှ ဆက်လက်လုပ်ဆောင်သွားမည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူက ပြောဆိုလိုက်သည်။

“မှတ်ပုံတမင်လို့ ပါတီဖျက်သိမ်းခံရရင်လည်း မြို့နယ်တိုင်းမှာရှိတဲ့ ပါတီဝင်တွေ၊ ပါတီကိုထောက်ခံသူတွေနဲ့ ချိတ်ဆက်ပြီးတော့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။” ဟု ပါတီပြောရေးဆိုခွင့် ရှိသူ ဦးမြတ်ထွန်းက နိရဉ္စရာကို ပြောသည်။

မတ်လ ၁၈ ရက်နေ့ နေ့လည်ပိုင်းက ပေါက်တောမြို့ စံငြိမ်းရပ်ကွက်တွင် ပါတီဝင်များ၊ ပါတီကို ထောက်ခံသူများနှင့် ပါတီအတွင်းရေးမှူး (၂) ဖြစ်သူ ဦးကျော်ဝင်းအပါအဝင် ဗဟိုကော်မီတီတချို့ နှင့် တွေ့ဆုံပြီး ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးအပြီးတွင် ဦမြတ်ထွန်းက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပါတီမှတ်ပုံမတင်ဖြစ်သည့် ကိစ္စများကိုရှင်းလင်းပြောကြားပြီး ပါတီဝင်များမှလည်း ပါတီရှေ့ဆက် ရပ်တည်ရေးများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းလည်း ဦးမြတ်ထွန်းက ဆက်ပြောသည်။

“ဆွေးနွေးပွဲမှာ ပါတီဝင်တွေကတော့ မေးတာတွေရှိပါတယ်။ မှတ်ပုံမတင်လို့ ပါတီဖျက်သိမ်းခံရရင် ဘယ်လိုလုပ်မှာလည်းပေါ့။ ဆိုတော့ ကျွန်တော်တို့ပါတီက ၁၉၉၂ ခုနှစ်ကလည်း တစ်ကြိမ် ပါတီဖျက်သိမ်း ခံခဲရပြီဖြစ်ပါတယ်။ အဲဒီအချိန်ကလည်း ပါတီဝင်တွေအားလုံး ချိတ်ဆက်စုစည်းပြီး လုပ်ဆောင်လာခဲ့တာရှိတယ်။ အခု လည်း အဲလိုမျိုး ချိတ်ဆက်ပြီး ပြည်သူတွေအတွက် လိုအပ်တာတွေကို ပါတီနာမည်မသုံးဘဲ အရပ်ဘက်အဖွဲ့ ပုံစံမျိုး လုပ်ဆောင်မေလို့ ပါတီက သဘောထားရှိတဲ့ အကြောင်းတွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်” ၎င်းကု ဆက်ပြောသည်။

အလားတူ ဆွေးနွေးပွဲများကို စစ်တွေအပါအဝင် မြို့တချို့မှာ ပြုလုပ်ခဲ့ပြီး တခြား ကျန်မြို့နယ်များတွင်လည်း ဆက်လက်လုပ်ဆောင်မည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ကျောက်ဖြူမြို့တွင် ပြုလုပ်သည့် ဗဟိုကော်မီတီအစည်းအဝေးတွင် ပါတီမူဝါဒအရ စစ်ကောင်စီ ရွေးကောက်မရှင်ထံတွင် ပါတီမှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်ကို ဇန်နဝါရီလ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ဥပဒေသစ်ထုတ်ပြန်ပြီး ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲကော်မရှင်ထံ လာရောက်မလျှောက်ထားသည့် ပါတီမှာ အလိုအလျောက် ပျက်ပြယ်ပြီးသားဖြစ်သည်ဟု ဖော်ပြထားသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD ကို ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ပြည့်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁၁ နေရာ ရွေးချယ်ခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ဗဟိုကော်မီတီစာရင်း အပြည့် မတင်ပြနိုင်ဟုဆိုကာ န၀တလက်ထက်တွင် ပါတီဖျက်သိမ်းခံခဲ့ရသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here