လောင်းလုံးမြို့နယ်မှာ စစ်ရှောင်ပြည်သူ ၃၀ ကျော်အား လူသားဒိုင်းအဖြစ် စစ်ကောင်စီတပ် ဖမ်းဆီး

0
230

တနင်္သာရီတိုင်း လောင်လုံးမြို့နယ်၊ ရတိမ်ကျေးရွာမှာ လာရောက်တိမ်းရှောင်နေတဲ့ စစ်ရှောင်ပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ မနေ့ မတ် ၁၆ ရက်နေ့ ညနေပိုင်းမှာ ရတိမ်ကျေးရွာထဲ ရောက်ရှိလာပြီးနောက် ဥယျာဉ်ခြံတွေထဲ တိမ်းရှောင်နေတဲ့ စစ်ရှောင်ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့တာပါ။

စစ်ကောင်စီတပ်က လူသားဒိုင်အဖြစ် ဖမ်းဆီးသွားတဲ့ စစ်ရှောင်ပြည်သူတွေဟာ အောက်ကျောက်ဝပ် ကျေးရွာကနေ ရတိမ်ကျေးရွာထဲ လာရောက် တိမ်းရှောင်နေသူ ဖြစ်ပြီး ဖမ်းဆီးသွားတဲ့အထဲမှာ သက်ကြီးရွယ် အိုတွေနဲ့ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဟာ လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတဲ့ စစ်ရှောင်ပြည်သူတွေကို ကဒက်ငထိန် ကျေးရွာ ဘုန်းကြီးကျောင်းမှာ ဖမ်းဆီးထားပြီး စစ်ရှောင်ပြည်သူ့တချို့ကို လက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

အောက်ကျောက်ဝပ်ကျေးရွာ ရွာသား ၅ ဦးကို ပြီးခဲ့တဲ့ မတ် ၄ ရက်နေ့မှာ စစ်ကောင်စီတပ်က ကျေးရွာဘော လုံးကွင်းအတွင်း ဖမ်းဆီးသတ်ဖြတ်သွားတဲ့အတွက် ဒေသခံ ၂၀၀ ကျော်ဟာ ဘေးလွတ်ရာကို နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေတာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီးမှာတော့ စစ်ကောင်စီတပ်ဟာ ကျေးရွာတွေအတွင်း စစ်ကြောင်းထိုးစဉ် ဒေသခံတွေကို ပေါ်တာဆွဲတာ၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးတာနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေတာပါ။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Southern Monitor အဆိုအရ စစ်တပ် အာဏာသိမ်းတဲ့ကာလအတွင်း တနင်္သာရီတိုင်းထဲမှာ အရပ်သား ၄၀၀ နီးပါး သတ်ဖြတ်ခံထားရတယ်လို့ မတ် ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here