ရေဖြူမြို့နယ် ကလိန်အောင်တံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရသဖြင့် ထိခိုက်သေဆုံးမှု ရှိနိုင်

0
230

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ကလိန်အောင်တံတားမှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၁၅ ဦးလောက် တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို မတ် ၁၆ ရက်နေ့ ည ၉ နာရီအချိန်လောက်မှာ ဒေသအတွင်း တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု နာရီဝက်နီးပါးကြာ ဖြစ်ပွားခဲ့သလို နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဒေသခံတစ်ဦးကတော့ တိုက်ခိုက်မှုအပြီး မတ် ၁၇ မနက်ပိုင်းမှာ တံတားဖြတ်သန်းသွားလာစဉ် စစ်ကောင်စီစစ်ဆေးရေး ကတုတ်ကျင်းအနီးမှာ သွေးကွက်တွေ တွေ့ရှိတယ်လို့ ပြောပါတယ်။

စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးတဲ့နောက် ကလိန်အောင်မြို့ထဲ လုံခြုံရေးတင်းကျပ်ထားသလို တံတားအပေါ် ဖြတ်သန်းသွားလာသူတွေကိုလည်း ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ကလည်း ကလိန်အောင်တံတားရှိ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့သေးတာဖြစ်ပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here