သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ – RCSS/SSA |
စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၉၆၄ ၊ ၁၉၉၆
ရုံးချုပ် – လွယ်တိုင်လျဲန်း ၊ မိုင်းဆိုင်ပန်မြို့နယ်၊ လင်းခေးခရိုင်၊ ရှမ်းပြည်နယ်တောင်ပိုင်း လှုပ်ရှားရာနယ်မြေ – သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းယောင်းနှင့် မိုင်းပြင်းမြို့နယ်များ အင်အား – ၁၀ဝ၀ဝ ကျော် ဥက္ကဋ္ဌ – ဗိုလ်ချုပ်ကြီး ယွက်စစ် ဒု-ဥက္ကဋ္ဌ – ၁ – ဒုတိယဗိုလ်ချုပ်ကြီး စိုင်းယီ အတွင်းရေးမှူး – ၁ – ဗိုလ်မှူးကြီးစိုင်းငင်း ၂၀၁၁ ဒီဇင်ဘာနှင့် ၂၀၁၂ ဇန်နဝါရီလများတွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးအတွက် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက် တွင် တော့ ဦးသိန်းစိန်အစိုးရနှင့် RCSS/SSA အကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ NCA အရ ဖြစ်ပေါ်လာသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွင်း အခြားသော NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့်အတူ လိုက်ပါဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ သို့သော် ၂၀၁၉ ၊ ၂၀၂၀ ခုနှစ်များအတွင်း RCSS လှုပ်ရှားရာ မိုင်းကိုင်၊ ကျေးသီး၊ မိုင်းနောင်၊ မိုင်းတုံ၊ မိုင်းဆက်၊ ကျောက်မဲနှင့် နမ့်ခမ်းမြို့နယ်များအတွင်း တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့ပြီး အထူးသဖြင့် ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများသည် ပြင်းထန်ခဲ့ပါသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း တစ်ဆို့မှုများ၊ ရှေ့မတိုးသာသည့် အခြေအနေများအကြားတွင် RCSS အနေဖြင့် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သလို အခြားသော လှုပ်ရှားရာနယ်မြေချင်း ထိစပ်နေသည့် SSPP/SSA ၊ TNLA နှင့် PNLO စသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့်လည်း တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့ပါသည်။ NCA လက်မှတ်ထိုးခြင်း လေးနှစ်ပြည့်အခမ်းအနားကိုတော့ တပ်မတော် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ ကန့်သတ်တားမြစ်မှုကြောင့် RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်နိုင်ခဲ့ခြင်း မရှိသကဲ့သို့ အစိုးရ၊ တပ်မတော်ကိုယ်စားလှယ်များနှင့် RCSS အကြား အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများလည်း တွေ့ရှိရပါသည်။ ထူးခြားသည်က ၂၀၂၀ ပြည့်နှစ် မတ်လ ၁၅ ရက်နေ့ ၊ တပ်မတော်နှင့် RCSS အကြား နေပြည်တော် တွေ့ဆုံဆွေးနွေးမှုအပြီး မတ်လ ၂၅ ရက်တွင် ၎င်းတို့နှစ်ဖက်အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပသည့် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ အဖွင့်မိန့်ခွန်းပြောကြား ရာတွင်လည်း RCSS ဥက္ကဋ္ဌအနေဖြင့် ရှမ်းဘာသာစကားဖြင့်မပြောဘဲ မြန်မာဘာသာဖြင့်သာ ပြောဆိုရန် တပ်မတော်မှ ဖိအားပေးခဲ့သည်ကို တွေ့ရပါသည်။ RCSS အနေဖြင့် တစ်ဆို့နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းဆိုင်ရာ စိန်ခေါ်မှုများ၊ နှစ်ဖက် ထိတွေ့တိုက်ပွဲများ ရှိနေသည့်တိုင် NCA လမ်း ကြောင်းကို ဆက်လက်စွဲကိုင်ထားသည်ကို တွေ့ရပါသည်။ စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲအချို့ ဖြစ်ပွားခဲ့သော်လည်း စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့သည်။ ၂၀၂၂ ခုနှစ် မတ်လ ၂၈ ရက်၊ နေပြည်တော်ရှိ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ၎င်းတို့အနေဖြင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်သဘောတူစာချုပ်ကို စွဲကိုင်ပြီး စစ်ကောင်စီနှင့် ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု RCSS အတွင်းရေးမှူး – ၁ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောဆိုပါသည်။ PPST ၏ အဖွဲ့ဝင်ဖြစ်သည့်အတွက် PPST ၏ နိုင်ငံရေး ဦးတည်ချက် ခုနစ်ချက်အတိုင်း ရပ်တည်ဆောင်ရွက်နေသည်ဟုလည်း ဆိုပါသည်။ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် တိုက်ပွဲဖြစ်ပွားမှု တရားဝင်ကိုယ်စားလှယ်အဖွဲ့ ဆက်ဆံရေးရုံးများ မဟာမိတ်အဖွဲ့များ ဆက်သွယ်ရန် Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၁ – ၂၀၂၂ |