သျှမ်းပြည်တိုးတက်ရေးပါတီ – SSPP/SSA |
စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၂၄ ဧပြီ ၁၉၆၄ ၊ ၁၉၇၁
ရုံးချုပ် – ဝမ့်ဟိုင်း၊ ကျေးသီးမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း လှုပ်ရှားရာနယ်မြေ – သျှမ်းပြည်တောင်ပိုင်း လန်းခေး၊ မိုင်းရှူး၊ ကျေးသီး၊ မိုင်းကိုင်၊ လဲချား၊ ပင်လုံ၊ လွိုင်လင်၊ ဟိုပုံးနှင့် ရပ်စောက်မြို့နယ်များ၊ သျှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်၊ တန့်ယန်း၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောက်ချို၊ မိုးမိတ်၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံ၊ သိန္နီ ၊ ကွတ်ခိုင်၊ မူဆယ်နှင့် နမ့်ခမ်းမြို့နယ်များ အင်အား – ၁၀ဝ၀ဝ ကျော် ဥက္ကဋ္ဌ – ဗိုလ်ချုပ်ကြီးပန်ဖ ဒု-ဥက္ကဋ္ဌ – ဒုတိယဗိုလ်ချုပ်ကြီး ခေးတိုင်း အထွေထွေအတွင်းရေးမှူး – ဗိုလ်မှူးကြီး ကျော်လှ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၏ မဟာဒေဝီ စဝ်မယ်နန်းဟိန်းခမ်းက ဦးစီးပြီး ၁၉၆၄ ခုနှစ်တွင် သျှမ်းပြည်တပ်မတော် (SSA) ကို တည်ထောင်ကာ ၁၉၇၁ ခုနှစ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကို ဖွဲ့စည်းခဲ့သည်။ ၁၉၈၉ ခုနှစ် စက်တင်ဘာ ၂ ရက်တွင် တပ်မတော်အစိုးရနှင့် SSPP/SSA အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့သော်လည်း ၂၀၁၀ ခုနှစ် နိုင်ငံရေးအရ အသစ်ကူးပြောင်းကာလအတွင်း နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် တပ်မတော်မှ ဖိအားပေးရာ ငြင်းဆန်ခဲ့ပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ ဦးသိန်းစိန်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း UNFC အဖွဲ့ဝင်အနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့သော်လည်း ၂၀၁၅ ခုနှစ် အောက်တိုဘာလ NCA လက်မှတ်ရေးထိုးချိန်တွင်တော့ SSPP/SSA အနေဖြင့် ပါဝင်လက်မှတ်မထိုးခဲ့သည်ကို တွေ့ရသည်။ SSPP/SSA အနေဖြင့် ၎င်းတို့ လှုပ်ရှားရာနယ်မြေအတွင်း တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှုအချို့ ရှိခဲ့သလို RCSS/SSA နှင့်လည်း မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများ ရှိနေပါသည်။ UWSA ဦးဆောင်သည့် FPNCC တွင် ပါဝင်နေပြီး အစိုးရ၊ တပ်မတော်တို့မှ ကိုယ်စားလှယ် များနှင့် တွေ့ဆုံဆွေးနွေးမှုအချို့ ရှိခဲ့သော်လည်း ငြိမ်းချမ်းရေးအရ ဖြစ်ပေါ်တိုးတက်မှု တစ်စုံတစ်ရာ မြင်တွေ့ရခြင်း မရှိသေးပါ။ ထို့အပြင် RCSS/SSA နှင့်အတူ ရှမ်းနိုင်ငံရေးပါတီများ၊ လူမှုအခြေပြု အဖွဲ့အစည်းများဖြင့် စုဖွဲ့ထားသည့် ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) တွင် ပူးပေါင်းပါဝင် လျက်ရှိသော်လည်း RCSS/SSA နှင့် SSPP/SSA အကြား စစ်ရေးပဋိပက္ခများ ဆက်လက်မြင်တွေ့နေ ရပါသည်။ ၂၀၂၀ ပြည့်နှစ်၊ နှစ်ချုပ်ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးတွင်တော့ ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စုတိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဦးတည်ပြီး တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အာမခံသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းသည်အထိ ဆောင်ရွက်သွားရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်း များနှင့်အတူ ဆက်လက်ပူးပေါင်းသွားရန်ဆိုသည့် အချက်များအပါအဝင် အချက်လေးချက်ကို SSPP/SSA ၏ ရှေ့လုပ်ငန်းစဉ်များအဖြစ် ဆုံးဖြတ်ချက်ချထားပါသည်။ စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှုအချို့ရှိခဲ့ပြီး ၂၀၂၁ ဒီဇင်ဘာ လ ၁၅ ရက်၊ ရှမ်းပြည်နယ် အရှေ့ပိုင်း NDAA အုပ်ချုပ်သော မိုင်းလားမြို့တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များနှင့် စစ်ကောင်စီ၏ ကိုယ်စားလှယ်များအကြား ပြုလုပ်သည့် အလွတ်သဘောတွေ့ဆုံပွဲတွင် SSPP တက်ရောက်ခဲ့သည်ဟု သိရပါသည်။ တစ်ဖက်တွင်တော့ RCSS/SSA နှင့် တိုက်ပွဲဖြစ်ပွားမှုများ ရှိနေပါသည်။ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်၊ နေပြည်တော်ရှိ NSPNC နှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ SSPP/SSA တပ်အချို့ ပြန်ရုပ်သိမ်းပေးရန် စစ်ကောင်စီမှ တောင်းဆိုခဲ့ပါသည်။ သို့သော် တပ်များ ပြန်လည်ရုပ်သိမ်းရန် မရှိကြောင်း SSPP အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီးစိုင်းစုက ပြောဆိုထားပါသည်။ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းဖြစ်စဉ် ယခင်အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးနောက် တိုက်ပွဲဖြစ်ပွားမှု တရားဝင်ကိုယ်စားလှယ်အဖွဲ့ ဆက်ဆံရေးရုံးများ မဟာမိတ်အဖွဲ့များ ဆက်သွယ်ရန် Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၁ – ၂၀၂၂ |