စစ်တွေမြို့နယ် ဇောပူဂျာရွာ ကျေးရွာအုပ်ချုပ်ရေးမှူးအား စစ်ကောင်စီက ရှာဖွေနေ

0
154

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ဇောပူဂျာ (မွတ်ဆလင်) ရွာထဲကို ယနေ့ မတ်လ ၁၁ ရက်၊ နံနက် ၇ နာရီခွဲခန့်က ရဲနှင့် စစ်တပ်အင်အား ၃၀ ခန့်ဝင်ရောက်လာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကို ရှာဖွေခဲ့သည်ဟု ရွာသားများက ပြောသည်။

“သူတို့က ရဲနှင့်စစ်တပ်က ဇောပူဂျာရွာ အုပ်ချုပ်ရေးမှူးကို ရှာဖွေခဲ့ပါတယ်။ အုပ်ချုပ်ရေးမှူးက ကိုယ်ရေးကိုယ်တာကိစ္စနဲ့ အပြင်သို့သွားနေတဲ့အတွက် မတွေ့ခဲ့ဘူး” ဟု ရွာသားတစ်ဦးက ပြောသည်။

၎င်းစစ်ကောင်စီတပ်တွင် အရာရှိနှစ်ဦးပါဝင်ပြီး လက်နက်အင်အားအပြည့်ဖြင့် ရွာထဲသို့ဝင်ရောက်လာခြင်းဖြစ်ကာ ရွာလမ်းတစ်လျှောက် လုံခြုံရေးယူထားသလို စစ်တပ်ကားများပေါ်တွင်လည်း စစ်သားများ စောင့်ကြပ်နေခဲ့ကြောင်း ရွာသားများက ပြောသည်။

“သူတို့ လက်နက်တွေနဲ့ ဝင်လာတော့ လူတိုင်းက စိုးရိမ်တာပေါ့။ ဒါပေမယ့် ရွာသားတွေကို တစ်စုံတစ်ရာ နှောင့်ယှက်တာတွေ လုပ်ခဲ့တာတွေတို့ မရှိခဲ့ပါဘူး။ ကျေးရွာအုပ်ချုပ်ရေးမှူးကို ရှာတာလောက်ပါပဲ။ ဘာကြောင့် ရှာတယ်ဆိုတာ မသိဘူး။ ဇောပူဂျာရွာမှာရှိတဲ့ လက်ဖက်ရည် ဆိုင်များထဲမှာ လက်ဖက်ရည်ဝင်သောက်ခဲ့ကြပြီး မနက် ၁၁ နာရီခွဲလောက်မှာ ရွာကနေ ပြန်ထွက်သွားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းစစ်သားများသည် တစ်ခြားရွာမှ မွတ်ဆလင် ၃ ဦးနှင့်အတူ ရွာထဲကနေ ပြန်ထွက်သွားခဲ့သည်ဟု ဆိုသည်။

“ လက်ဖက်ရည်ဆိုင်သုံးဆိုင်မှာ သောက်စားပြီးနေခဲ့ကြတယ်။ နည်းနည်းကြာတော့ အခြားရွာက မွတ်ဆလင် သုံးယောက်ကခေါ်လာလို့ စစ်သားတွေ ထွက်သွားကြတယ်။ တစ်ခုခု အကြောင်းကြားလို့ ဒီကို ရောက်လာကြတာပဲလို့ ထင်ပါတယ်။ အေအေရှိလား၊ အေအေနဲ့ဆက်စပ်မှုရှိလားဘာညာတွေ စုံစမ်းဖို့ရောက်လာကြတာထင်တယ်။ သူတို့ကတော့ လူတွေကိုဘာမှမမေးခဲ့ဘူး” ဟု ပြောသည်။

အဆိုပါ ဇောပူဂျာ(မွတ်ဆလင်)ကျေးရွာသို့ ယခင်တိုက်ပွဲများဖြစ်ပွားခဲ့စဉ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ တစ်ခါမှ လာရောက်ခဲ့ခြင်းမရှိခဲ့ဘဲ ယခု တည်ငြိမ်နေသည့် အချိန်မှသာလျှင် လက်နက်အင်အား အပြည့်ဖြင့် စစ်သားများ ရောက်ရှိလာခဲ့သည်မှာ ထူးခြားမှုတစ်ရပ်ဟု ၎င်းက ပြေဆိုသည်။

နံနက်အရုဏ်ကပင် မိမိတို့၏ စိုက်ပျိုးခင်းများကို သွားရောက်ကြသည့်ရွာသားများမှာလည်း စစ်ကောင်စီတပ်သားများ ရွာထဲက ထွက်သွားပြီးနောက်ပိုင်းမှသာ ရွာသို့ဝင်လာရဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ‌ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here